အချစ်ဆိုတာ

ပကတိအနေအထားအတိုင်း ရှိနေတဲ့ လူတစ်ယောက်ကို ဆိုးသည်ဖြစ်စေ၊

ကောင်းသည်ဖြစ်စေ၊ စိတ်ရဲ့ အမှန်အတိုင်း ချစ်တတ်ဖို့ပဲလိုတယ် ။

ဘာလုပ်ပေးမှ ဘယ်လိုဖြစ်မှ ချစ်မယ်ဆိုတဲ့ အတ္တကို

စေခိုင်းတာမျိုးကြတော့


အချစ်လို့မခေါ်တော့ဘူး။

ကိုယ် စိတ်ချမ်းသာမှုတစ်ခုတည်းကို ပဲဦး တည်တဲ့

သူမျိုးကြတော့လည်း ကိုယ့်ကိုကိုယ်ထက်


ဘယ်သူ့ကိုမှ ပိုပြီးမချစ်နိုင်ကြဘူး။

မှတ်ချက်။ ။ သူငယ်ချင်းတစ်ယောက်ဆီမှာ ဖတ်လိုက်ရတာလေးပါ။ စာရေးသူကို မသိ၍မဖော်ပြနိုင်တာနားလည်ပေးပါ။ (ကရင်)
Posted by ကရင်
Tuesday, October 14, 2008 at 4:01 AM | 2 comments
အေးခနဲ......ခံစားမှု တစ်ခု........
ပြင်းရှတဲ့ နွေလေပူတစ်ချက် ဝေ့၀ဲစွာမျက်နှာပေါ်တိုက်ခတ်အသွား မှာ ကျွန်တော်အိပ်နေရာမှ လန့်နိုးလာပါတယ်....ပက်လက်အနေအထားမှမြင်နေရတဲ့ ကြယ်တွေစုံတဲ့ည တစ်ခုရဲ့ အလှအပပေါင်းစုံကို မြင်တွေ့နိုင်တဲ့ကျွန်တော့အိမ်အမိုးပေါက်လေးတွေကိုကြည့်ရင်း အတွေးတစ်ခုလက်ခနဲပြေးမြင်ရင်းသဘောကျမိပါသေးတယ်။
“အ..ဟ.နိုင်ငံခြားကသဌေးတွေဆိုရင် ငါ့လိုမျိုးကြယ် အစုံကိုကြည့်ပြီး အိပ်ချင်ရင် ပိုက်ဆံအများကြီးအကုန်ခံရတယ်ငါကတော့သဘာဝက လက်ဆောင်ပေးထားတဲ့ ဆင်းရဲ မှု ဆိုတဲ့လက်ဆောင်ကောင်းကြီးကို ပိုင်ဆိုင်ထားတာလေ......”။
ကျွန်တော့်နာမည် ကိုဘအေး အလုပ်အကိုင်ကတော့ ကြုံရာကျပန်း ခိုင်းသမျှအလုပ်အကုန်လုပ်တယ်။ ကျွန်တော့ရဲ့ ပါရမီဖြည့်ဘက် မမြနှောင်း နှစ်ပေါင်းများစွာ ငတ်တလှည့်ပြတ်တလှည့် နေလာတဲ့ ဘ၀တစ်လျှောက်လုံး အပြုံးမပျက်ဘူး အဲ့လိုမိန်းမ။ ကျွန်တော်ဆိုတဲ့ ဘအေး သမိုင်းရေးတတ်ရင် တော်လေးဝကို တစ်ယောက်တိုးပြီးမမြနှောင်း ကို တိုးပြီး တော် (၅) ၀ဆိုပြီးသမိုင်းကိုပြင်ပစ်ချင်တာ လင်မယားနှစ်ယောက် မရှိအတူရှိအတူ နေလာကြတာ သားလေး တေလေ တောင်မှ ၆ နှစ်သားရောက်နေပြီလေ။နောက်နှစ်ဆို တေလေ လေးကို ကျောင်းထားရတော့မယ်။ ဘယ်မှာလဲကျောင်းစရိတ် ဘယ်မှာလဲ ကျောင်းဝတ်စုံဖိုး ။အဲလိုပြောလို့ ခင်ဗျားတို့ ကဒါဆိုလဲ ကျောင်းမထားနဲ့ပေါ့လို့ ပြောချင်ရင်ပြောကြလိမ့်မယ် ဘအေးကပြန်ပြော လိုက်ချင်တာက ဘအေးငတ်တာ ပညာမတတ်လို့ ဘအေးသားအလှည့် ပညာမတတ်လို့ ငတ်တယ်လို့ ဘယ်တော့မှမဖြစ်စေရဘူး။ တေလေ့ ကို ပညာမတတ်တတ်အောင်သင်ပေးမယ် ဘအေးငတ်လို့သေရင်သေပါစေ ဘအေးသားတေလေ ပညာတတ်ကြီးဖြစ်ကို ဖြစ်စေရမယ်။ ဒါ ဘအေးဆန္ဒ ။ဒီတော့ ကျွန်တော် စဉ်းစားရပြီ ဒီနေ့လုပ် ဒီနေ့စား မနက်ဖြန်အတွက် ကတော့ မနက်ဖြန်မှရှင်းဆိုတဲ့ ဘ၀ မှာ အပိုဝင်ငွေဆိုတာ လုံးဝမရှိဘူး။ အလုပ်တွေကို နှစ်ဆ သုံးဆလုပ်ဖို့ ဆိုတာကလဲ လူလေ။လူဆိုတာ ခံနိုင်ရည် ၊ကျန်းမာရေး ရှိသေးတယ် စက်ရုပ်မှမဟုတ်တာပဲဗျာ။ ကျွန်တော် နေတဲ့ မြို့လေးကနေ တစ်ခြားမြို့ ကြီးကို သွားပြီး အလုပ်လုပ်ဖို့ပေါ့။ ဒီလိုနဲ့ မြနှောင်းနဲ့တိုင်ပင်တယ်..........
“မိန်းမရေ ...ငါမြို့ကြီးမှာအလုပ်သွားလုပ်ချင်တယ်”
“အကိုသဘောပါအကို သားလေးတေလေ ကို ကျောင်းထားရတော့မယ်လေ”
ကျွန်တော်ပြောသမျှ ဘယ်တုံးကမှ မငြင်းဘူးတဲ့ မမြနှောင်း အခုလဲသဘောတူတယ်တဲ့လေ။ဒီလိုနဲ့ပဲ ကျွန်တော် မြို့ ကြီးပြကြီးဆိုတာနဲ့စတင် ထိတွေ့လိုက်ပါတယ်။ကျွန်တော့ သူငယ်ချင်း အိမ်မှာခဏနေ အလုပ်လိုက်ရှာ။ မြို့ပြကြီးသာဆိုတယ် ရှားလိုက်တဲ့ အလုပ် ဘာမှကိုမရဘူး ။ရပြန်တော့လဲ ကျွန်တော်နေခဲ့တဲ့ မြို့ လေးအတိုင်းဝင်ငွေလေးနဲ့ ဘယ်လိုလုပ် တေလေ့ကို ကျောင်းထားနိုင်မလဲ။ အဲ့ဒီမှာ ကျွန်တော့သူငယ်ချင်းနဲ့တိုင်ပင်တယ် .........အဲ့ကြမှ သိတော့တာဗျို့ ကျွန်တော့သူငယ်ချင်း ငဖဲ(ခေါ်) ကျော်ထွန်းက သူခိုးဗျ။ သူခိုးမှသူခိုးအကြီးစားကြီးလေ။
“ငအေး......မင်းသားလေးကျောင်းထားမယ်ဆိုလို့သာ ငါကဖွင့်ပြောရတာငါမင်းကိုအတင်းမလုပ်ခိုင်းဘူးနော မင်းအခုငါတို့ လုပ်မဲ့ခွင်မှပါမလား မင်းသဘောနော်”
ကျွန်တော်စဉ်းစားပြီ ငဖဲနဲ့ လိုက်သွားရင် တချီတည်းနဲ့ပွပြီ။ လူဆိုတာ အလွယ်ကြိုက်ကိုဗျ ဒီတစ်ခေါက်လိုက်ဖို့ဆုံးဖြတ်လိုက်တယ် ။
“ငဖဲငါလိုက်မယ်ကွာ......မင်းအလုပ်စမယ်ဆိုရင်ငါ့ကိုပြောနော်”
ငဖဲ က................................
“အေးငါ သဌေးကြီးတစ်ယောက် အိမ်ကို ခိုးဖို့လုပ်ထားတယ် အားလုံးစုံစမ်းပြီးပြီ။ အခု လောလောဆယ် သူဌေးကြီးနဲ့ သူ့မိသားစုနယ်က ဆီစက်တွေသွားစစ်ရင်းနဲ့ နွေရာသီအပမ်းဖြေသဘောမျိုး သွားနေကြတယ်...အဲ့အိမ်မှာ အခု ကျန်းမာရေးမကောင်းတဲ့ သူဌေးကြီးရဲ့ အမေ ရယ် အိမ်ဖော်မလေးရယ်ပဲ ကျန်ခဲ့တယ်ငါတစ်ယောက်တည်း သွားလည်းဖြစ်တယ် ဒါပေမယ့် မင်းသားလေးတေလေ ကျောင်းထားမယ်ဆိုလို့ ငါနဲ့လိုက်ခိုင်းတာကွ...ဒီတော့တိုကတွေမနက်ဖြန်သွားမယ်ပြင်ထား”
“အေးအေး.....”ဆိုတဲ့စကား ရည်မှန်းချက်ရည်ရွယ်ချက်တွေအပြည့်နဲ့ သားအတွက် မိသားစုအတွက်ဆိုတဲ့ အားမာန်တွေ အပြည့်နဲ့ပေါ့ ။
Posted by ကရင်
Monday, October 13, 2008 at 6:39 AM | 0 comments
မှောင်မဲနေတဲ့ည....... အိမ်ကြီးတစ်ခုလုံးတိတ်ဆိတ်နေတယ် သက်ဝင်လှုပ်ရှားနေတာကတော့ ကျွန်တော်ရယ် ငဖဲရယ်နှစ်ယောက်တည်းပေါ့ ။ အိမ်ကြီးကတော့ လွတ်လပ်စွာအိပ်မောကျနေဆဲ ပေါ့.......
ငဖဲကတော့ ကျွမ်းကျင်စွာနဲ့ ရှိသမျှတံခါးတွေ ကို သူ့အိမ်လိုပဲ ဖွင့်ပြီးဝင်ရောက်နေပါတယ်။ ကျွန်တော်ကတော့ ငဖဲနောက်က ကြောက်ကြောက်လန့်လန့်နဲ့ လိုက်လာရတာပေါ့.။မီးခံသေတ္တာ ရှေ့ရောက်တော့ ငဖဲကစတင်ဖွင့်နေပါပြီ။ အဲ့ဒီအချိန်မှာ ပဲ စူးရှတဲ့ ၀ိုင်ယာညှော်နံ့ က စူးကနဲ ရလာတယ် ငဖဲက
“ဟေ့ကောင် ငအေး မီလောင်နေပြီကွ သွားကြည့်စမ်း ”
ကျွန်တော်လည်းဟိုဟိုဒီဒီ ထွက်ကြည့်တော့ လားလား.......စာကြည့်ခန်းထဲက မီတောက်ကြီးထွက်အောင်ကို လောင်နေတာကျွန်တော်လည်းဆောက်တည်ရာမရ ပြေးလာရင်း
“ ငဖဲရေ အကြီးအကြယ် ကိုလောင်နေတာကွ ”
ပြောနေရင်းမှာပဲ မီးလန့်သံချောင်းခေါက်သံ ဆူညံစွာထွက်ပေါ်လာပြီး မကြာခင်မှာပဲ မီးဥသြ သံဆူညံစွာနဲ့ မီးသတ်ကားများ လာတဲ့ အသံကိုကြားနေရပါတယ် ။။။။ ငဖဲကတော့ နိုင်ရာယူပြီး အိမ်အောက်ကို ပြေးဆင်းသွားပါတော့တယ်။
“ငအေး ရေ လိုချင်တာယူပြီးပြေးသာပြေးပေတော့” ဟုပြောကာဆင်းပြေးလေတော့သည် ။ထိုအချိန်မှာပဲ အိမ်ဖော်ကောင်မလေးလည်း နိုင်ရာပစ္စည်းတွေမပြီး ထွက်ပြေးသွားတာကို တွေ့လိုက်ရပါတယ်။ ကျွန်တော်လည်းအချိန်မရှိတော့ဘူး ဆိုပြီးတော့ ရရာအဖိုးတန်ပစ္စည်းလေးတွေရွေးထည့် ပြီးပြေးမယ်လုပ်တုန်း
“အဟွတ်...အဟွတ်...ဟွတ် အမလေး ကယ်ကြပါ ....ကယ်ကြပါ”
ဆိုတဲ့ အဘွားကြီးရဲ့အသံ ကြားလိုက်ရတဲ့အခိုက် ဘအေးဆိုတဲ့ လောဘသားကျွန်တော် ဘာလုပ်ရမှန်းမသိ တစ် ကိုယ်လုံးအေးစက်တောင့်တင်းသွားတယ် ။စဉ်းစားတယ်
“ငါ့မှာအမေရှိလို့ ငါခရီးထွက်နေတုန်း ဒီလိုဖြစ်မယ်ဆိုရင် ငါဘယ်လိုခံစားရမလဲ ဘအေး မင်းစဉ်းစားစမ်း...စဉ်းစားစမ်းဘအေး မင်းစဉ်းစား မင်းမှာခြေတွေ လက်တွေအကောင်းကြီး မင်းသားလေးတေလေ အတွက် မင်းကြိုးစားပြီး ထပ်ရှာလို့ရတယ် သူဌေးကြီးအတွက် က တန်ဖိုးမဖြတ်နိုင်တဲ့ အမေတစ်ယောက် ဆုံးရှုံးရမှာ ကဲဘအေး မင်းဘာလုပ်မှာလဲ”
ကျွန်တော့်ဘ၀တစ်လျှောက်လုံးဘယ်လိုရှာရှာရနိုင်မှာမဟုတ်တဲ့ ပစ္စည်းတွေကို လွှတ်ပစ်လိုက်ပြီး ကျွန်တော့်ဘ၀တစ်လျှောက်လုံးအဖိုးအတန်ဆုံးသော ဆုံးဖြတ်ချက်တစ်ခု ကို ပြတ်သားစွာဆုံးဖြတ် လိုက်ပါတယ် ။မီးတွေလောင်စပြုနေပြီဖြစ်တဲ့ အိပ်ခန်းထဲက အဘွားအိုကို ပွေ့ချီကာ မီးတောထဲမှ အလျှင်မြန်ဆုံးသော အရှိန်နဲ့ ခုန်ထွက်လိုက်တယ် ကျွန်တော်ရော အဘွားအိုရော အသက်ရှင်ခဲ့တယ် ။အဘွားအိုကို ထွေးဖက်နှစ်သိမ့် ရင်း ဆို့နင့်ဝမ်းသာ သောပီတိအဟုန်ဖြင့် ကျွန်တော် မောင်ဘအေး တမ်းတခေါ်ငင် လိုက်တဲ့ လှိုက်လဲစွာ ထွက် ပေါ်လာတဲ့ အသံဟာ နက်ရှိုင်းမှုအပြည့်နဲ့ မီးဥသြသံတွေ၊သံချောင်းသံ တွေကြားမှာ ထွက်ပေါ်လာတာကတော့
“အမေ....................” တဲ့။

မှတ်ချက်။ ။ လောကမှာရှိကုန်သော လူအားလုံးတို့သည် ကျွန်တော်၏ဇာတ်ကောင် ကိုဘအေးကဲ့ သို့မိဘချင်းစာနာတတ်ကြပါစေလို့ ဆုတောင်းရင်း ဤ၀ထ္ထုတိုလေးကို ဇာတ်သိမ်းလိုက်ပါတယ်။ ပျော်ရွှင်ချမ်းမြေ့ကြပါစေ။
(ကရင်) ည ၂ နာရီ ၅၂ မီးနစ်
Posted by ကရင်
အပိုင်း(၁)

ဇူလိုင်လအနှောင်းပိုင်း တစ်နံနက်ခင်းဖြစ်သည်။ လေယာဉ်ဆင်းသက်ရာ ဟေတာဒေသအနီးတွင်
ကျွန်တော်တို့ကင်းလှည့်နေကြစဉ် လီထရန့်နှင့် ဒေ့ဗ်ဂျင်ဆင် တို့ရန်ပွဲ ဖြစ်ကာ လက်သီးချင်းထိုးကြသည်။
ပြသာနာ ကဘာမှမဟုတ်၊ မောင်းချဓားတစ်ချောင်း ပျောက်သည့်ကိစ္စ၊ သို့သော် ရန်ပွဲကမူ
အသေအကြေအကြိတ် အနယ် ပထမပိုင်းမှာတော့ ဘတစ်ပြန် ကျားတစ်ပြန် သို့သော် ဒေ့ဗ်ဂျင်ဆင်က
လူကောင်ကြီးပြီးဗလကောင်းသည်။

နောက်ဆုံးတွင် သူက စထရန့်၏ လည်ပင်းကို လက်တစ်ဖက်ဖြင့်ရစ်ပတ်ပြီး သိုင်းချုပ်ထားလိုက်ပြီး နှာခေါင်းကို
ထိုးကြိတ်သည်။တစ်အားကုန် ထိုးသည်။တစ်ချက်ပြီးတစ်ချက် ထိုးသည် စထရန့် ၏နှာခေါင်းမှ
ကွဲထွက်သွားသော အသံတစ်ခု ထွက်ပေါ်လာသည်။ ဗျောက်အိုးတစ်လုံးဖောက်လိုက်သည့်
အလားပြင်းထန်သည်။ ဒီအထိလည်း ဂျင်ဆင်က ဆက်ပြီးထိုးနေဆဲ ဖြစ်သည်။ တစ်ချက်ပြီးတစ်ချက်
သွက်လည်းသွက်သည်၊ ထိလည်းထိသည် ကျွန်တော်တို့သုံးယောက် လောက် သူ့ကို ၀ိုင်းပြီး ဆွဲကြရသည်။
ပွဲပြီးသောအခါ စထရန့်ကို ရဟတ်ယာဉ်ဖြင့် နောက်တန်းသို့ ပို့လိုက်ရသည်။ သူ၏နှာခေါင်းကို
ကုသရသည်။နှစ်ရက်သာကြာ၍ သူပြန်လာသည်။ နှာခေါင်းမှာသတ္တုပြားတစ်ခုနှင့်ကျပ်စည်းထားသည်။

သာမန်အားဖြင်းဆိုလျှင်တော့ သည်ကိစ္စမှာ သည်မှာ ပြီးဆုံးသွားရမည်။ သို့သော် ယခုဟာက ဗီယက်နမ်
ဖြစ်သည်။ လူတိုင်းမှာသေနတ် ကိုယ်စီရှိကြသည် ဖြစ်၏။ ဒေ့ဂျင်ဆင် မှာ စိုးရိမ်စိတ်တွေ ၀င်ရတော့သည်။
သူ့ဖာသူစိုးရိမ်စိတ်တွေ ၀င်နေခြင်းဖြစ်သည်။ တစ်ဖက်ကဘာ ခြိမ်းခြောက်မှုမျှမရှိ လက်စား

ချေမည်ဟု ကြုံးဝါးခြင်းမရှိ သူတို့နှစ်ယောက်ကြားတွင် တိတ်ဆိတ်သော တင်းမာမှုများ ဖြစ်နေခြင်းဖြစ်သည်။

သို့ဖြင့် ဂျင်ဆင်သည် အထူးဆင်ခြင်မှုတွေ ပြုလုပ်နေတော့သည် ။ ကင်းလှည့်ကြပြီဆိုလျှင် စထရန့်
ဘယ်မှာရောက်နေသည်ကို ဂရုပြုနေရသည်။ သူ၏ကတုတ်ကျင်းကို စည်းကြောင်း၏ အစွန်ဆုံးမှာတူးသည်။

သူ့ကြောဘက်ကို အမြဲသတိထားသည်။ သူတို့နှစ်ယောက်တည်း ရှိနေသည့်အဖြစ်ကို အမြဲတမ်း
ရှောင်ရှားသည်။
Posted by ကရင်
အပိုင်း(၂)
သည်ပုံစံအတိုင်း တစ်ပတ်ခန့်ကြာသောအခါ ပြသာနာ ရင့်ကျက် လာရတော့သည်။ ဂျင်ဆင်
စိတ်အေးချမ်းသာစွာ နေ၍မရတော့ပါ။ သူက စစ်ပွဲနှစ်ပွဲကို ဆင်နွှဲနေရသကဲ့သို့ရှိသည်။
လုံခြုံစိတ်ချရသည့်အရပ်ဟူ၍ မရှိတော့ပါ။ ရန်သူတွေကနေရာတိုင်းမှာ ရှိနေတော့သည်။ ရှေ့တန်းရယ်နောက်
တန်းရယ်ဟူ၍ မှရှိတော့ပါ။

ညဘက်ဆိုလျှင်သူအိပ်လို့မရပါ။ ထိတ်လန့်နေတတ်သည် အမြဲတမ်းသတိထားနေရသည်။ အမှောင် အတွင်းမှ
ထူးဆန်းသည့် အသံများ သူကြားနေရသည်။ သူကတော့ ကတုတ်ကျင်းဆီသို့ လက်ပစ်ဗုံးတစ်လုံး လိမ့်လာသည်
ဟုထင်မိသည်။ မောင်းချဓားဖွင့်သံ ကြားရသည်ဟု ထင်မိသည်။ သူ့အဖို့လူဆိုးရယ် လူကောင်း ရယ် ခွဲ
ခြားမှုမရှိတော့ပါ။

အတော်ကလေးလုံခြုံစိတ်ချရသော်အချိန်များတွင် ကျွန်တော်တို့တစ်တွေ အေးအေးလူလူ နေထိုင်ကြစဉ်မှာပင်
သူက ကျောက်တုံးတစ်တုံးကိုကျောမှီပြီး ထိုင်နေသည်။ သေနတ်ကို ပေါင်ပေါ်မှာတင်ထားသည် ။ စထရန့်ကို
တုန်လှုပ်ခြောက်ခြားသော မျက်လုံးများဖြင့် မျက်ခြည်မပြတ် စောင့်ကြည့်နေသည်။

နောက်ဆုံးတွင် သူ့စိတ်သူ မည်သို့မျှ မထိမ်းနိုင်တော့ပါ။တစ်ခုခု လုပ်မှဖြစ်တော့မည်။ တစ်ညနေတွင် သူသည်
စထရန့်အမည်ကို အော်ဟစ်ရင်း သေနတ်ကို မိုးပေါ်ထောင်ပြီး ပစ်တော့သည်။ အော်လိုက်ပစ်လိုက်နှင့်
ကျည်တစ်ကပ်လုံး ကုန်သွားသည်အထိပင် ဖြစ်သည်။ ကျွန်တော်တို့အားလုံး မြေကြီး ပေါ်မှာ
မှောက်နေကြရသည်။ မည်သူမျှ သူ့အနားမကပ်ရဲပါ။

ဂျင်ဆင်က သေနတ်ကို ကျည်ကပ် ထည့်သည် ။သို့သော် ရုတ်ခြည်းဆိုလိုပင် သူ ထိုင်ချလိုက်သည်။
သူ၏ခေါင်းကို သူ၏လက်နှစ်ဘက်မြှုပ်ထားလိုက်သည်။သူ နည်းနည်းလေးမှ မလှုပ်ရှားတော့ ပါ။ထိုအတိုင်းပင်
နှစ်နာရီ သုံးနာရီခန့်ကြာအောင် ထိုင်နေတော့သည်။

သို့သော် ယင်းအဖြစ်က အဆိုးဝါးဆုံး မဟုတ်သေးပါ။

အကြောင်းမှာ သူသည် ထိုညမှာပင် ရဲဘော်တစ်ယောက်ထံမှ ပစ္စတို သေနတ်တစ်လက် ငှားရမ်း သည်။
သေနတ်ကို ပြောင်းကနေ ကိုင်ပြီး သူ၏နှာခေါင်းကိုထု ၊နောက် စည်းကြောင်းကိုဖြတ်ပြီး စထရန့် ၏ကတုတ်ကျင်း
သို့ သွားရောက်သည်။ သူ့နှာခေါင်း အား ထုနှက်ထားသည်ကို ပြပြီးသူတို့ နှစ်ယောက်ရည်တူ
တန်းတူဖြစ်သွားပလား ဟု မေးသည်။

စထရန့်က ခေါင်းညိတ်ပြီး အားလုံးအတူတူ ဖြစ်သွားပြီ ဟုပြော၏။

နောက်တစ်နေ့နံနက် ကျတော့ လီစထရန့် ရယ်မောလျှက် ရှိသည်။

“ဒီလူအရူးပဲ ၊သူ့မောင်းချဓားကို ကျုပ်ခိုးထားတာပဲ”

ဟုသူကပြောသည်။
Posted by ကရင်
အပိုင်း(၃)

ဒေ့ဗစ်ဂျင်ဆင်နှင့် လီစထရန့်တို့ သူငယ်ချင်းဖြစ်မသွားကြပါ။ သို့သော် တစ်ယောက်အပေါ်
တစ်ယောက်ယုံကြည်မှု ရှိသွားကြသည်။ နောက်လထဲတွင် သူတို့နှစ်ယောက် အတူလက်တွဲပြီး ချုံခိုတိုက်ခိုက်
ကြသည်။ အတူ လက်တွဲ ပြီး တိုက်ကင်းလှည့်ကြသည်။ ကတုတ်ကျင်းတစ်ခုထဲတွင် နေရာယူကြသည်။
ညအချိန် တွင် တစ်ယောက်တစ်လှည့်စီ ကင်းစောင့် ကြသည်။

သြဂုတ်လ ကုန်ပိုင်းတွင် သူတို့နှစ်ယောက် သဘောတူညီမှု တစ်ခုရှိကြသည်။ အကယ်၍ တစ်ယောက်ယောက်
တွန်းလှည်းနှင့် နေရသည့်အဖြစ် မျိုးဒဏ်ရာရရှိခဲ့လျှင် အခြားတစ်ယောက် က ယင်းအဖြစ်ကို ဇာတ်သိမ်းပေး
လိုက်ရန် ဖြစ်သည်။ ၄င်း အချက်ကို သူတို့တစ်ကယ်ပင် အလေးအနက် ထားကြသည်။

ယင်းကိုသူတို့က စာရွက်ပေါ်မှာရေးပြီး လက်မှတ်ထိုးကြသည်။ အခြားနှစ်ယောက် ကိုလည်း
အသိသက်သေအဖြစ် လက်မှတ်ထိုးကြစေသည်။

ယင်းသို့ဖြင့် အောက်တိုဘာလ တွင် လီစထရန့် မော်တာကျည်ဆံ ထိမှန်သည်။ ဒူးဆစ်နေရာမှ နေပြီး ခြေထောက်
ပြတ်ထွက်သွားသည်။ သူတစ်လှမ်းသာ ခုန်ဆွခုန်ဆွလှမ်းနိုင် ပြီး ယိမ်းယိုင်လဲကျ သွားသည်။
“အား............တောက်”

သူရွတ်ဆိုလိုက်သည်။

“တောက်.....................အား............တောက်”

အတော်ကလေးကြာအောင် ရေရွတ်နေသည်။

ထို့နောက် သူတုန်လှုပ်ချောက်ချားသွားဟန် ရှိသည်။ သူဆင်းပြေးရန်ကြိုးစားသည်။ သို့သော် သူ့မှာပြေးရန်
ခြေထောက် မရှိတော့ပါ။ ဘိုင်းခနဲ လဲကျသွားသည်။ ပြတ်သွားသော ယာဘက်ခြေထောက် ကို ရုန်း
တွန်းနေသည်။ အရိုးအရေပြားကြီးတွေ ပေါ်ထွက်နေသည် ။ ရေဘုံဘိုင် မှရေတွေကျသလို သွေးတွေ ဒလဟော
သွန်ကျနေသည်။

သူကုန်းငုံ့လိုက်သည်။မရှိတော့သော သူ့ခြေထောက်ကို နှိပ်နယ်မည့်အသွင် မျိုးဖြစ်သည်။ ထို့နောက်
သူသတိမေ့သွားသည်။ ရက်ကယ်လီ က သွေးတိတ်ကွင်းစည်းပေးပြီး မော်ဖင်းထိုးပေးလိုက်သည်။
Posted by ကရင်
အပိုင်း(၄)

သည့်အပြင်ကား ဘယ်သူမှ ဘာမျှမတတ်နိုင်တော့ပါ။ ရဟတ်ယာဉ် အလာကို စောင့်ကြည့်ရန်သာရှိသည်။
ဒေ့ဗ်ဂျင်ဆင်သည် စထရန့်အနီးသို့လျှောက်သွားပြီး ဒူးထောက်ကာ ထိုင်လိုက်သည်။ ပြတ်နေသော ခြေထောက်
သည် ရှုံ့ တွန့်နေခြင်းမရှိတော့။ စထရန့်အသက် ရှိသေးလောဟု တွေးမိကြသည်။ အတန်ကြာမှ
သူ့မျက်လုံးများပွင့်လာပြီး ဒေ့ဗ်ဂျင်ဆင် ကိုမော့ကြည့်ကာ.................

“အို....................ဘုရားသခင်”

ဟုရွတ်ဆိုလိုက် သည် ။သူညည်းတွားသည်။ ထို့နောက် အနည်းငယ် ရွေ့လျားလိုက်ပြီးနောက် .......

“အို.............ဘုရားသခင်၊သူငယ်ချင်း ငါ့ကိုမသတ်ပါနဲ့”

“ဆက်သာအော်နေပါ”

ဂျင်ဆင် ကပြောလိုက်သည်။

လီစထရန့်မှာမူ နောက်တွင် မေ့နေဟန်ရှိသည်။ သူသည် တစ်သက္ကန့် လောက် ငြိမ်သက်နေပြီးနောက်
သူ့ခြေထောက် ကို ညွှန်ပြကာ ........

“ဒဏ်ရာကသိပ် မပြင်းပါဘူး တကယ်ပါ သူတို့ကျုပ်တိုက်ရင် ပါသွားမှာပါ တကယ်ပါ”

“အမှန်ပဲ သူတို့ ကျုပကယ်လိုက်ရင် ပြီးသွားမှာပဲ”

“မင်းတကယ်ပြောတာလား”

“တကယ်ပေါ့”

စထရန့်သည် ကောင်းကင်ကို မျက်မှောင်ကုပ်ပြီး ကြည့်လိုက်သည်။

ထို့နောက်သတိလစ်သွားသည်။ ထို့နောက် သတိပြန်လည်လာသည်။

“ငါ့ကို မသတ်ပါနဲ့”

“မသတ်ပါဘူး”

ဂျင်ဆင်က ပြန်ပြောသည်။

“တကယ်ပြောတာလား”

“တကယ်ပေါ့”

“ဒါကို မင်းကတိပေးရမယ်၊ ကျိန်ရမယ်၊ ငါ့ကိုမသတ်ဘူးဆိုတာ မင်းကျိန်ပြီးပြောရမယ်”

ဂျင်ဆင်ခေါင်းညိတ်လိုက်ပြီး..................

“ငါကျိန်ပြီးပြောပါတယ်”

အတန်ကြာသောအခါ ကျွန်တော်တိုကသည် သူ့ကို ရဟတ်ယာဉ် ဆီသို့သယ်သွားကြသည်။ ဂျင်ဆင်က
အကောင်းပကတိရှိသော ခြေထောက်ကို လက်ဖြင့်တို့ပြီး ပြောလိုက်သည်။

“ကဲသွားပေတော့”

နောက်ပိုင်းတွင် လီစထရန့် ကွယ်လွန်သွားကြောင်း ကျွန်တော်တို့ ကြားသိရသည်။ ထိုအခါမှပင်
ဒေ့ဗ်ဂျင်ဆင်သည်လည်း ၀န်ထုပ်ဝင်ပိုးကြီး ကျသွားတော့သည်။


မှတ်ချက် ။ ။ Enemies and Frieends By Tim O'Brien (ကရင်)
Posted by ကရင်
(၁၉၉၄)ခုနှစ် ...............
ကျွန်တော် ၄ တန်းကျောင်းသားဘ၀ပေါ့ မှတ်မှတ်ရရ အဲ့ဒီခုနှစ်တုန်းက မြန်မာနိုင်ငံမှာ ဟိန္ဒူ ဘာသာဝင်တွေရဲ့ဘုရားကျောင်းတွေမှာ ကိုးကွယ်တဲ့ မဟာပိန္နဲ ရုပ်တုကြီးတွေက နွားနို့သောက်တယ် ဆို တဲ့သတင်းကဟိုးလေးတကြော်ကြော်နဲ့ ပေါ့။ အဲ့ဒီမှာ ကျွန်တော်ဆိုတဲ့ ကောင်ကလဲ လက်တွေ့မှ ယုံတဲ့ ကရင်တစ်ယောက်(ကရင်ဆိုပေမယ့် အဖေရောအမေရောဗုဒွဘာသာဝင်တွေပါ) ဆိုတော့ ကာ ကလေးဆိုပေမယ့် သိချင်တဲ့စိတ်ကထိမ်းမရဘူးဗျို့ အဲ့ဒီမှာ တခြားဘာသာကိုစိတ်မ၀င်စားတတ်ပဲ သူ့ဟာသူငြိမ်းငြိမ်းချမ်းချမ်း နေတတ်တဲ့ မေမေ ကို သွားပြောတာပေါ့ .....
“မေမေ...သားအဲ့ဒီနွားနို့သောက်တဲ့အရုပ်ကြီးတွေသွားကြည့်ချင်တယ်...”
“သားရယ် ဘာလုပ်မလို့လဲကွယ် ...”
“ဟာမေမေကလည်း သားမြင်ဘူးချင်လို့ပါဆိုမှပဲ လိုက်ပို့နော်..”
ကျွန်တော်ပူစာသမျှဘယ်တုန်းကမှ မငြင်းဘူးတဲ့မေမေကတော့ ထုံးစံအတိုင်းပေါ့ဗျာ။
“အေးပါကွယ် မေ ညနေလိုက်ပို့မယ်နော် ....”
ဝမ်းသာအားရ ညနေကိုရောက်ဖို့စောင့်နေလိုက်တယ်။ညနေရောက်တော့ အဲ့နေ့မတိုင်ခင်ကမှကြီးကြီးမချုပ်ပေးထားတဲ့ နိုင်လွန်အနွေးထည်လေးကိုဝတ်ပြီး ဘောင်းဘီတိုလေးဝတ် မေမေ ရေချိုးပြီးပြင်ဆင် ပြီးတာနဲ့ မေမေ့စက်ဘီးလေးနောက်ကနေ လိုက်ပြီးအဲ့ဒီ ဟိန္ဒူဘုရားကျောင်းကို သွားကြပါတယ်။ (ပါးပါးနဲ့မမကြီး(ကြီးကြီးမဟု ကျွန်တော်ခေါ်သည်)ကတော့ လုံးဝစိတ်မ၀င်စား အားလည်းမပေးပါ ထို့ကြောင့်သူတို့နှစ်ယောက် မလိုက်ပါ) ။အဲ့ဘုရားကျောင်းကြီးရောက်တော့ မြန်မာတွေနဲ့ပြည့်နေပါတယ် နွားနို့ရောင်းတဲ့သူတွေရော စုံလို့ပါပဲ။ (၄င်းအရုပ်ကြီးများအားအထဲမှာနွားနိုတိုက်ချင်လျှင်တိုက်ခွင့်ရှိပါသည် ။) မေမေ က
“သားလေး နွားနို့ တိုက်ကြည့်လေ သားလေးက လက်တွေ့ မှယုံတတ်တာဆိုတော့ ” ဟုပြုံးပြီးပြောကာပိုက်ဆံထုတ်ပေးသောကြောင့် ကျွန်တော် နွားနို့ တစ်ခွက်နှင့် ဆိုင်မှငှားသော ဇွန်းအကြီးတစ်ချောင်းကိုယူကာ ဘုရားကျောင်းကြီးထဲသို့ မေမေနှင့် အတူဝင်လာပါသည်။ ၄င်းတို့အထဲတွင် ရုပ်တုများရှေ့တွင် မီးပူဇော်ခြင်း အမွှေးတိုင်များပန်းများဖြင့်ပြည့်ကြပ် နေသည် ကျွန်တော်လည်း စူးစမ်းလိုစိတ် ၁၀၀% နှင့် လူရှင်းသော ရုပ်တုကြီးတစ်ခုရှေ့မှာ ရပ် မမှီ တမှီနှင့်စတင် တိုက်ကြည့်ပါသည်။ အဲ့ဒီချိန်မှာပဲ ရုပ်တုက နွားနို့သောက်လားမသောက်လားတော့မသိ မီးပူဇော် ထားတဲ့ ဖယောင်းတိုင် များမှ တဆင့် ကျွန်တော် မောင်ကရင်ရဲ့ အကျီ င်္ မှာ မီးစွဲလောင်ပါတော့တယ်။ ဘာပြောကောင်းမလဲ နိုင်လွန်သားဆိုတော့ ကိုရွှေမီးက အားရပါးရလောင်တော့တာပဲ ကျွန်တော်လဲ ပူလောင်ပြီး အော်ဟစ်နေတာပေါ့ ပထမတော့ မေမေ လန့်သွားတဲ့ပုံစံဖြစ်သွားတာ ကို တွေ့လိုက်မိတယ် အဲဒါတော့ သိပ်မမှတ်မိတော့ဘူး ။ဒါပေမယ့် ကျွန်တော် အမှတ်မိဆုံးက မေမေ မျက်နှာမှာတည်ကြည်လေးနက်မှု အပြည့်နဲ့ တစ်ခုခုကို ဆုံးဖြတ်ချက်ချလိုက်တယ် ဆိုတာပဲ အတည်ငြိမ်ဆုံး အလေးနက်ဆုံး ဆိုတဲ့ မျက်နှာထားနဲ့ မေမေ လေ ကျွန်တော့်ဆီကိုအ ပြေးတပိုင်းနဲ့ ရောက်လာပြီး ဘာလုပ်တယ်ထင်လဲ သူ့ ရဲ့ နုဖွေးနေတဲ့လက်၊ကျွန်တော့ကိုပိုက်ထွေးခဲ့တဲ့ လက်၊တပည့်တွေကို စာတွေတတ်မြောက်အောင်သင်ပေးခဲ့တဲ့လက်နုနု လေးနဲ့ ကျွန်တော့ ကိုယ်ပေါ်က မီးတောက်မီးလျှံတွေ ကို လိုက် လံ ငြိမ်းသတ်ပါတော့တယ် ။ အဲဒီအချိန်မှာလာကြည့်ကြတဲ့ မြန်မာလူမျိုးတွေ ရော ကုလားလူမျိုးတွေပါ မိခင်တစ်ယောာက်ရဲ့ ခိုင်မာစွာဆုံးဖြတ်ခဲ့တဲ့ သားသမီးအတွက် မေတ္တာ ကို မြင်တွေ့ကြရပါတော့တယ်။ ကူညီသူတွေလည်းရောက် လာ တော့ မီးကငြိမ်းသွားပြီလေ။ ငယ်ရွယ်သေးတဲ့ ကျွန်တော့်ရဲ့ အတွေးထဲမှာတောင်မှ မေမေ ရဲ့ ဆုံးဖြတ်ချက်ချလိုက်တဲ့ တည်ကြည်ပြတ်သားတဲ့ မျက်နှာအမူအရာ ဟာအခုကျွန်တော်အရွယ်ရောက်တဲ့အထိ မမေ့နိုင်ခဲ့ပါဘူး ။
မိခင်ဆိုတာသားသမီးတွေအပေါ်ကှိုသူတို့အတွက်၊သူတို့အသက်သူတို့ခံစားမှုတွေကိုစွန့်လွှတ်ပြီးချစ်ကြတယ် ဆိုတာကို အားလုံးကို ကျွန်တော် သိစေချင်တဲ့အတွက် ကျွန်တော့ရဲ့ ဖြစ်ရပ်မှန် အဖြစ်အပျက်လေး ကို တင်ပြရေးသား ခြင်းဖြစ်ပါတယ်။
မေမေ ကျန်းမာပါစေ၊ချမ်းသာပါစေ၊နှလုံးစိတ်ဝမ်းအေးချမ်းသာယာပါစေလို့ဆုတောင်းလျှက် အဝေးရောက်သား
(ကရင်)

Posted by ကရင်
အဲသည့် နေ့က မိုးတွေရွာနေတယ် ....
ကောင်လေး တစ်ယောက် ဟာ ... လမ်းမကြီး အတိုင်းလျှောက်လာရင်း နဲ့ ... မိုးကောင်းကင် ကို မော့ကြည့်ရင်းနဲ့ တစုံတခု ကို ရေရွတ်တမ်းတနေတယ်

အဲသည့် ရွာနေတဲ့ မိုးစက်တွေသာ ... ငွေတွေဖြစ်ရင် ဘယ်လောက်ကောင်းလိုက်မလဲ တဲ့
တကယ်တော့ ကောင်လေးက သူဆင်းရဲလေး တစ်ယောက်ပါ
သူ့မှာ ငွေကြေးဆိုလို့ တပြားတချပ်မှ မပါဘူး
အ၀တ်အထည်ဆိုလို့လဲ ... သူ့ကို ပေါ်က အ၀တ်တစုံ ပဲရှိတယ်
ဝမ်းဗိုက်ထဲမှာ တော့ .. အသံပေါင်းစုံမြည်လို့ပေါ့
သူ ဘာအစာမှ မစားရသေးတာ ... ၄ .. ၅ ရက်လောက်တောင် ရှိတော့မယ် ထင်ရဲ့
ဒီလိုနဲ့ ... မိုးကောင်းကင်ကို မော့ကြည့်ရင်းနဲ့ .. သူ့ဘ၀သူ စိတ်နာနေတုန်း ...
နံဘေးနားကနေ .. ကားတစ်စီး ဖြတ်မောင်းသွားတယ်
နောက်ဆုံးပေါ် ကားအမျိုးအစား ပေါ့
ကားနောက်ခန်းမှာ တွေ့လိုက်ရတာက .. သူနဲ့ သက်တူရွယ်တူ ကောင်လေးတစ်ယောက်

လက်ထဲမှာက စားစရာမုန့်တွေ တပွေ့တပိုက်နဲ့ ....... လမ်းဘေးကကောင်လေးကတော့ ..ေ၀၀ါးလာတဲ့ သူ့မျက်လုံးတွေကို တချက်ပွတ်သပ်ရင်း ... ခြောက်သွေ့စပြုလာတဲ့ .. နှုတ်ခမ်းတစ်စုံကို ကိုက်မိတယ် ... ။ သူကျတော့ ကားအကောင်းစားစီးလို့ .... စားစရာ လဲ အပြည့် အစုံနဲ့ ... ။ ငါ ကျတော့ ... လမ်းဘေးမှာ ... မိုးရေတွေ ရွှဲစိုလို့ .. ။ ဗိုက်ထဲမှာက လဲ ဗလာနတ္ထိနဲ့ ... ။ လောကကြီးက တယ်လဲမတရားပါလားလို့ .. တွေးနေမိတယ် ... ။ အဲဒီ့ အချိန်မှာပဲ ... မည်းမှောင်နေတဲ့ ကောင်းကင်တစ်ခွင်ဟာ ကြောက်မက်ဖွယ် အသံတစ်ခုနဲ့ အတူ ... လင်းလက်သွားခဲ့တယ် ... ။ ပြီးတော့ ... အလင်းတန်းတစ်ခုဟာ သူတို့ရှိရာနဲ့ မလှမ်းမကမ်းကို ကျရောက်လာတယ် .... ။ ကောင်းကင်တစ်ခုလုံး လင်းထိန်လို့ပေါ့ .. ။ အဲဒီအချိန်မှာ ပဲ ... မထင်မှတ်မှုတစ်ခု ဖြစ်ပေါ်လာခဲ့တယ်လေ .. ။ ရှေ့တူရှုကို သွားနေတဲ့ နောက်ဆုံးပေါ်ကားလေးရဲ့ ဦးတည်ရာက ... လမ်းဘေးကကောင်လေးဆီကို တန်းတန်းမတ်မတ်ရောက်ရှိလာခဲ့တယ် ... ။ အံ့အားတသင့်နဲ့ ကောင်းကင်ကို မော့ကြည့်နေတဲ့ ကောင်လေးကတော့ ဒါကို မသိရှာဘူးပေါ့ .... ။ အရှိန်မထိန်းနိုင်တော့တဲ့ နောက်ဆုံးပေါ်ကားလေး ကတော့ ... ကောင်လေးကို လမ်းဘေး က သစ်ပင်ဆီ အရောက် ဆွဲ ခေါ်သွား ခဲ့တယ် ... ။ ကားတစ်စီးလုံးလဲ ... ကြေမွပျက်စီးလို့ ပေါ့ .. ။ ........... ။ ဒီအဖြစ်အပျက်မှာ တရားခံမရှိပါပဲ ... ဘယ်သူ့မှာမှ အပြစ်မရှိပါပဲနဲ့ .... ကားပေါ်က ကောင်လေးရော ... လမ်းဘေးက ကောင်လေးရော ... အသက်ဆုံးရှုံးခဲ့ကြရတယ် ... ။ ဒါပေမယ့် .. တစ်ခုရှိတာက ... ဘယ်သူ့ရဲ့ ဆုံးရှုံးမှုဟာ ပိုပြီးတန်ဖိုးကြီးသလဲ ... ဘယ်သူက ပိုပြီးနစ်နာခဲ့ရသလဲ .. ဆိုတာပဲ ... ။ လူချမ်းသာကောင်လေး က ... သူ့ဘ၀မှာ ပျော်ရွှင်ချမ်းမြေ့စွာနဲ့ နေထိုင်ခဲ့ရလို့ ... သူ့ဘ၀ဟာ .. သေပျော်ပြီလို့ထင်လား .. ဒါမှ မဟုတ် .... ပျော်ရွှင်ချမ်းမြေ့မှုတွေ ဆိတ်သုဉ်းခဲ့ရတဲ့ အတွက် .. သူ့ဘ၀ရဲ့ နိဂုံးဟာ ... အရမ်းကို ဆိုးဝါးနေလား ... ။ သူဆင်းရဲ ကောင်လေးဘက်က ကြည့်ရင်ရော ... သူက ၅ ရက်လုံးလုံး ထမင်းလေးတစ်နပ်တောင် မစားခဲ့ရပဲနဲ့ ... သေဆုံးသွားခဲ့ရတာ ... ဘယ်လောက်များ ... ကြေကွဲစရာကောင်းလိုက်မလဲ ... ။ ပြီးတော့ .. သူ့ဘ၀တစ်လျှောက်မှာ ပျော်ရွှင်မှုတွေ ချမ်းမြေ့မှုတွေကို လုံးဝ မခံစားခဲ့ရဖူးတဲ့အတွက် .. သူ့ဘ၀ရဲ့ နိဂုံးကရော ... ဖြစ်သင့်ရဲ့လား ... ။ ဒါမှမဟုတ် .. သူ့လို အညတြ တစ်ယောက် မရှိတော့တဲ့ အတွက် .. လောကကြီးက ပိုပြီးသာယာနာပျော်ဖွယ်ကောင်းလာသလား .. ။ ဘယ်သူမှ မမှားခဲ့တဲ့ ... ဒီအဖြစ်အပျက်မှာ .. တစုံတခုမှားယွင်းနေတာကတော့ ... ကျနော်ကိုယ်တိုင်ပဲ ဖြစ်ပါလိမ့်မယ် ... .... ...

မှတ်ချက်။ ။မစ္စတာရော့ခ်ကာ(မြန်မာချက်အွန်လိုင်း) ၏ခံစားမှုအား ပြန်လည်တင်ပြပါသည်။ (ကရင်)
Posted by ကရင်
Tuesday, October 7, 2008 at 9:19 PM | 0 comments

အပိုင်း(၁)

မီးနူး၏ သားဦးသည် မွေးပြီးမကြာခင် သေဆုံးသွားသည်။ ဒုတိယ ကလေးလည်း

တစ်နှစ်လောက်သာ လူ့ဘ၀တွင် နေရသည်။

မီးနူးသည် ပျိုမြစ်နုနယ် အရွယ်ငယ်တုံးပင် ရှိသေးသည်။မမှည့်သေးသော

သစ်သီးသည် ညှာတံတွင် ကပ်နေသကဲ့သို့ပင် မီးနူး၏စိတ်နှလုံးသည် ပထ၀ီမြေကြီး

နှင့်ခွာမရပေ။ မီးနူးသည် ကမ္ဘာလောက၏အစိမ်းရောင် အရာဝထ္ထုများကို ချစ်သည်။

မီးနူး၏ အိမ်ထောင်ဖက်တွင် ခြံဥယာဉ်လေး တစ်ခုရှိသည်။ မီးနူး သည်ထို

ခြံဥယာဉ်လေးကို မိခင်က ကလေးကို ပြုစုစောင့်ရှောက်သကဲ့သို့ ပင်ပြုစုစောင့်ရှောက်

နေသည်။ သို့ရာတွင်နွယ်ပင်လေးများ အပွင့်ပွင့်မည် လုပ်တုန်း ကာလကတ္တား မှခေါ်

သည့်စာ ရောက်လာသည်။

မီးနူးသည် အိမ်နီးနားချင်းအိမ်က ခွေးများကိုလည်းချစ်သည်။ ထိုခွေးများထဲ

က အချစ်ဆုံးမှာ “ဘွ န္တာ” ခေါ်နှာခေါင်းပြားပြား နှင့် ခွေးကလေးဖြစ်သည်။ထိုခွေးကလေး

အတွက် ပုတီးစေ့လည်ပတ်တစ်ခု လုပ်ပေးသည်။ သို့ရာတွင် ပုတီးစေ့လည်ပတ် မပြီးတပြီး

မှာပင် မီးနူး၏ ယောင်္ကျားသည် ကာလကတ္တားရှိ သူတို့၏အိမ်သို့ ပြောင်းရွှေ့ရန် မီးနူးကို

လာခေါ်သည်။

ခွေးပိုင်ရှင်က ခွေးလေးကိုမွေးရန်မီးနူးကို ပေးသည်။ သို့ရာတွင် မီးနူး၏ ယောင်္ကျားက

“ဒုက္ခမရှာချင်စမ်းပါနဲ့”

ဟုပြောပြီး မီးနူး၏ ဆန္ဒ ကိုဆန့်ကျင်ကန့်ကွက်သည်။

တစ်ည မီးနူးသည် သူ၏ အိမ်သစ်တွင် အိပ်မပျော်ဖြစ်နေသည်။ အိပ်ရာပေါ်တွင် တလှုပ်

လှုပ် တရွရွဖြစ်နေစဉ် အရုဏ်ရောင်သည် အိမ်ခန်းထဲဝင်လာသည်။ မီးနူး သည်တစောင်းထလျှက်

အပြင်ဘက် လှမ်းကြည့်လိုက်သည်။ ပြတင်းပေါက်ဝအထိမြင့်သော စကားဝါပင်ကြီးတွင် စကားဝါပွင့်

တွေ ပွင့်နေသည်ကို တွေ့မြင်ရသည်။ ပန်းရနံ့သည် မီးနူး၏နှာခေါင်ဝသို့ရောက်လာပြီးလျှင်……

“မီးနူးနေကောင်းရဲ့လား”

ဟုနှုတ်ဆက်နေသကဲ့သို့ ထင်ရသည်။

မီးနူးတို့၏ အိမ်နှင့် ဘေးအိမ်နံရံကြားထဲတွင် ညပ်ပြီးပေါက်နေသော စကားဝါပင်သည်

နေရောင်ကို မျှော်လင့်တောင့်တ နေသည်။ သဘာဝမိခင်၏ဆွံ့အနေသော ကလေးငယ်သည် မိမိ

အပိုင်မဟုတ်သောနေရာတွင်မိမိကိုယ်ကို ရှာနေသည်။

မီးနူးသည် နေမြင့်မှ အိပ်ရာထတတ်သည်။ နေတော်မြင့်မှ အိပ်ရာကထပြီး စကားဝါပင်ကို

ကြည့်လိုက်သောအခါ စကားဝါပင်ပေါ်တွင် စကားဝါ ပွင့်တစ်ပွင့်မှ မှရှိတော့ပေ။

“ဘယ်လိုဖြစ်ကုန်ကြတာလဲ”

သူ့ကိုယ်သူမေးကြည့်နေသည်။ မီးနူးသည်အိမ်ဖော်အား စကားဝါပင်ကို

ဂရုစိုက်ပြီး ရေလောင်းပေးဖို့ပြောလိုက်သည်။ သို့ရာတွင်စကားဝါ ပင်ပေါ်တွင်စကား

ဝါပန်းများကို နောက်တစ်ကြိမ် မမြင်ရတော့ပေ။ နေ့ရက်တော်ကြာသွားသောအခါ

နံနက်ပိုင်းတိုင်း စကားဝါပန်းတွေ မည်သို့မည်ပုံ ပျောက်သွားသည်ကို မီးနူးသိရှိသွား

သည်။

Posted by ကရင်

အပိုင်း(၂)

အာရုဏ်သည် မပွင့်တပွင့် ကြာပွင့်သဖွယ် ဖြစ်နေခိုက် မီးနူးသည် ဗြဟ္မဏ

တစ်ယောက်သည် ခြင်းတောင်းတစ်တောင်းကို ကိုင်လာပြီး စကားဝါပင်ပေါ်တက်လျှက်

စကားကိုင်းများကို ခပ်ပြင်းပြင်း လှုပ်ချနေသည်ကို တွေ့ရသည်။ သူ့ကိုကြည့်ရသည်မှာ

အိမ်ငှားများထံမှ အိမ်လခ လိုက်ယူနေသော အိမ်ရှင်နှင့်တူနေသည်။

မီးနူးက အိမ်ဖော်ကိုပြောလိုက်သည်။

“အိမ်အောက်ဆင်းသွား အဲ့ဒီလူကို ငါ့ဆီခေါ်လာခဲ့”

ဗြဟ္မဏရောက်လာသောအခါ မီးနူးသည် ဗြဟ္မဏအား တရိုတသေ လက်အုပ်ချီ

နှုတ်ဆက်ပြီးလျှင် မေးလိုက်သည်။

“ဘယ်သူ့အတွက် စကားဝါပန်းတွေကို ခူးနေတာလဲဗြဟ္မဏကြီး”

ဗြဟ္မဏက ပြန်ပြောသည်

“ဘုရားသခင်အတွက်……..”

“ဘုရားသခင်က ဒီပန်းတွေကို ကျွန်မအတွက်ပေးထားတယ်ဆိုတာ ဗြဟ္မဏကြီး

မသိဘူးလား”

“ညည်းကို ပေးထားတယ် ဟုတ်လား”

“ဟုတ်တယ် ကျွန်မကိုပေးထားတာ ပေးထားတဲ့ပစ္စည်းကို ဘုရားသခင်ကပြန်ယူသလား”

ဗြဟ္မဏ သည် ဘ၀င်မကျသည့်မျက်နှာနှင့် ထွက်သွားသည် ။

နောက်တစ်နေ့နံနက်ချိန်တွင်လည်း စကားဝါပင်ကို လှုပ်ဖို့ ဗြဟ္မဏ ရောက်လာပြန်သည်။

ဗြဟ္မဏကိုတွေ့သောအခါ မီးနူးသည် မျက်ရည်စက်လက်ဖြင့် အိမ်ဖော်ကို ပြောလိုက်သည်။

“ဒီစကားဝါပန်းတွေကိုခူးတာငါမကြည့်ချင်ဘူး။ ဒီအခန်းမှာငါနောက် ဘယ်တော့မှ မအိပ်တော့ဘူး”

မီးနူး၏အိပ်ရာ တခြားအခနးသို့ ပြောင်းရွှေ့သွားသည်။ မီးနူး၏ပြတင်းပေါက်သည် ချောက်

ဒရီ ၏အိမ်နှင့်တန်းနေသည်။ တစ်နေ့တွင် မီးနူးက သူ့ယောကျာင်္းကိုပြောသည်။

“ဟိုမှာကြည့်စမး ကလေးလေး ဘယ်လောက်ချစ်စရာကောင်းလဲ ကျွန်မအဲဒီကလေးလေးကို

တစ်ခေါက်လောက် ချီချင်တယ်”

လင်ယောကျာင်္းကပြန်ပြောသည် ။

“သူတို့က ချမ်းသာတယ်ကွ သူတို့ကလေးကို ဒီက ငမွဲ စာရေးအိမ် လာခွင့်ဘယ်ပေးမှာလဲ”

“အဲ့ဒီလိုတော့မပြောပါနဲ့ ကလေးနဲ့ ပတ်သက်လို့ ဆင်းရဲချမ်းသာကွဲပြားခြားနားတာမရှိပါဘူး

ကလေးငယ်တစ်ယောက်အတွက် မိန်းမတိုင်းရဲ့ရင်ခွင်ဟာ ရာဇာပလ္လင်နဲ့ အတူတူပါပဲ”

လင်ယောကျာင်္းအိမ်အပြင်ထွက်သွားသည် ထိုကနောက် ချက်ချင်းပြန်လာပြီး ပြောသည်။

“ကျုပ်ကိုသူတိုကလှည့်တောင်မကြည့်ကြဘူး”

နောက်တနေ့တွင် မီးနူးသည် အိမ်ဖော်ကို ခေါ်ပြီး ပြောသည်။

“ဟိုမှာကြည့်စမ်း ကလေးလေး ခြံထဲမှာတစ်ယောက်တည်း ကစားနေတယ် ။ခပ်မြန်မြန် ပြေးသွား

ပြီး ဒီသကြားလုံးထုပ်ပေးလိုက်ပါ”

ညနေချိန်တွင် မီးနူး၏ယောကျာင်္း မျက်နှာမကြည်မလင် နှင့်အိမ်ပြန်ရောက်လာသည်။

”ကျုပ်တို့ကိုသူတို့ အကြီးအကြယ် စိတ်ဆိုးနေကြတယ်”

”ဘာဖြစ်လို့လဲ”

”ကျုပ်တို့ အိမ်ဖော် နောက်တစိခါ သူတို့ခြံထဲဝင်ရင် ရဲတိုင်မယ်လို့ ပြောနေတယ်”

မီးနူးမျက်ရည်လည်လာသည်။ ရှိုက်ကြီးတငင်နှင့်ပြောလိုက်လေသည်။

“ကျွန်မသိပါတယ် ကျွန်မသိပါတယ် ကလေးလက်ထဲက သကြားလုံးထုပ်ကိုဆွဲ လုပြီး

လွှင့်ပစ်တယ် ကလေးကိုလည်း ရိုက်တယ် ကျွန်မ ဒီနေရာမှာ ဆက်ပြီးနေရင်သေလိမ့်မယ် .

ကျွန်မကိုတနေရာရာခေါ်သွားပါတော့ရှင်”

မှတ်ချက် ။ တဂိုး၏ “ The Golden Boat” မှ (ကရင်)

Posted by ကရင်
အပိုင်း(၁)
တနေ့ကျွန်တော့်ကလေးများကိုစာသင်ပေးနေသောဆရာမလေးယူလီယာကို ကျွန်တော့စာကြည့်ခန်းအတွင်း ခေါ်ခိုင်းလိုက်သည်။
ပေးစရာငွေကြေးများကိစ္စများကိုရှင်းပေးရန်ဖြစ်သည်။
“ထိုင်ပါဆရာမ” ဟုပြောရင်း .......
“ပေးစရာရှိတာလေးတွေပေးမလို့ အခေါ်ခိုင်းလိုက်တာပါ၊ဆရာမ လည်းငွေလိုရော့မယ်။ ဒါပေမယ့် ဆရာမကလည်းမတောင်းဘူး ကောင်းပြီလေ အခုပေးတာပေါ့ ။ ကလေးတွေကို စာသင်ပေးဖို့ ဆရာမတစ်လ ရူဘယ် ၃၀ နဲ့သဘောတူခဲ့တယ်နော်”
“တစ်လ ၄၀ ပါ”
“မဟုတ်ဘူး၃၀ဒီမှာစာနဲ့သေသေခြာခြာရေးထားတယ်အိမ်မှာကလေးတွေကိုစာလာပြတဲ့ဆရာမတိုင်း တစ်လရူဘယ်၃၀ပဲအမြဲပေးခဲ့တယ်။ဆရာမဒီမှာစာသင်ပေးနေတာ အခုဆိုရင် နှစ်လရှိသွားပြီနော်”
“နှစ်လနဲ့ငါးရက်ပါ” “မဟုတ်ဘူးဒီနေ့ပါပေါင်းမှနှစ်လတိတိ၊ဒီမှာအားလုံး စာနဲ့ ရေးမှတ်ထားတယ်၊ အခုဆရာမကိုပေးရမှာက
နှစ်လစာဆိုတော့ ရူဘယ်ခြောက်ဆယ်။ အဲဒီထဲက တနင်္ဂနွေ ကိုးရက်ကိုနှုတ်ရဦးမယ် ။ တနင်္ဂနွေ နေ့တွေမှာဆရာမဟာ သားလေးကိုစာသင်မပေးခဲ့ဘူး ။ပြီးတော့ အားလပ်ရက်နဲ့ ပိတ်ရက်က သုံးရက်ပါသေးတယ်”
ဆရာမလေးသည် မျက်နှာကြီးနီရဲ ကာ စကတ်အစွန်းနားလေးကို လက်ဖျားနဲ့ စိတ်လှုပ်ရှားစွာ ကိုင်
နေသည်။ စကားတစ်ခွန်းမှ မပြော။
“အားလပ်ရက်က သုံးရက် အဲဒီအတွက် တစ်ဆယ့်နှစ်ရူဘယ်ဖြတ်ရမယ် သားလေး လေးရက်နေမ
ကောင်းဖြစ်တာနဲ့ စာမသင်ခဲ့ရဘူး။ ဆရာမဟာဗာယာနဲ့ပဲ နေခဲ့ရတယ်။ ဆရာမသွားလိုက်တာ သုံးရက် အိမ်ရှင်မက ဆရာမကို ညစာစားပြီးချိန်ဆို အနားပေးထားတယ် တစ်ဆယ့်နှစ်ရူဘယ်နဲ့ ခုနှစ်ရူဘယ်ပေါင်းတော့တစ်ဆယ့်ကိုးရူဘယ်လစာထဲမှာတစ်ဆယ့်ကိုးရူဘယ်ကိုနှုတ်တော့လေးဆယ့် တစ်ရူဘယ်ပဲ ကျန်တော့တယ်မှန်တယ်နော်။”
ဆရာမလေးဧ။်မျက်လုံးများသည်နီရဲသွားကာမျက်ရည်များဝိုင်းစို့လာသည်။မေးလည်း တဆတ်ဆတ်တုန်လာသည်။ဆရာမလေးသည်ချောင်းတစ်ချက်ဆိုးလိုက်ကာနှာခေါင်းကိုပွတ်သည် ။သို့သော်စကား တစ်ခွန်း မှမပြော။
“နှစ်သစ်ကူးပွဲမတိုင်မှီက လက်ဖက်ရည်ပန်းကန် ဆရာမကြောင့် ကွဲသွားတယ် အဲဒါအတွက်
နှစ်ယူဘယ်၊ လက်ဖက်ရည်ခွက်ကအတော်တန်ဖိုးကြီးပါတယ်။မိသားစု အစဉ်အဆက် ထိန်းသိမ်း ဆက်ခံလာတဲ့ပစ္စည်းမို့အတော်ကလေးစိတ်မကောင်းဖြစ်ခဲ့တယ်။ထားပါတော့လေပိုပြီးဆိုးဆိုးဝါးဝါး
ဖြစ်ခဲ့တာရှိသေးတယ် ဆရာမရဲ့ပေါ့စမှုကြောင့် သားလေးဟာ သစ်ပင်ပေါ်တက်လို့ အင်္ကျီတွေ
စုတ်ပြဲသွားခဲ့တယ်။အဲဒါအတွက် တစ်ဖယ်ရူဘယ် ဆရာမရဲ့ပေါ့စမှုကြောင့် အိမ်ဖော်မလေးက သားလေးရဲ့ဘွတ်ဖိနပ်ကိုခိုးယူသွားခဲ့တယ်ဒါတွေအားလုံးကိုမျက်လုံးဒေါက်ထောက်ကြည့်ရမှာကဆရာမ အလုပ် ဒါ့အတွက်ဆရာမကို ပိုက်ဆံပေးပြီး ငှားထားတာကိုး။ အဲဒီအတွက် ငါးရူဘယ်ဖြတ်မယ် ။ဇန်န၀ါရီလ ၁၀ ရက်နေ့က ဆရာမကျုပ်ဆီက ငွေချေးတာ ဆယ်ရူဘယ်”
“ဟင်အင်း ကျွန်မရှင့်ဆီက မချေးခဲ့ပါဘူး”
Posted by ကရင်
အပိုင်း(၂)
ဟု ဆရာမလေးက လေသံသဲ့သဲ့ ဖြင့်ပြောသည်။
“ဒီမှာဆရာမ အားလုံးကိုစာနဲ့ရေးမှတ်ထားတယ်”
“ဒါဆိုလည်းကောင်းပါပြီနောက်တော့ကော”
“လေးဆယ့်တစ်ရူဘယ်ထဲကနေနှစ်ဆယ့်ခုနှစ်ရူဘယ်နှုတ်တော့ တစ်ဆယ့်လေးရူဘယ်ကျန်တယ်”
ဆရာမလေးဧ။်မျက်လု့းအစုံသည် မျက်ရည်များဖြင့် ပြည့်သိပ်နေကာသွယ်တန်းလှပသော
နှာတံစင်းစင်းပေါ်တွင် ချွေးသီးချွေးပေါက် များ ၀ိုင်းစို့လာသည်။ သနားစရာအတော်ကောင်းသော
မိန်းကလေး……။
“ကျွန်မတစ်ခါပဲ ပိုက်ဆံချေးခဲ့ဘူးပါတယ် ၊ရှင့်ဇနီးဆီက သုံးရူဘယ်တည်းရယ်ပါ၊ဒါထက်
တစ်ပြားမှ မပိုခဲ့ပါဘူး။”
ဟုအသံတုန်တုန် ဖြင့်ပြောလာပါသည်။
“အဲဒါကိုထည့်မပြောရသေးဘူးကိုး ဒီတော့ တစ်ဆယ့်လေးရူဘယ်ထဲက
သုံးရူဘယ်ထပ်နှုတ်တော့ တစ်ဆယ့်တစ်ရူဘယ်ပဲကျန်တော့တယ် ဒီတော့ ရော့ဒီမှာ
တစ်ဆယ့်တစ်ရူဘယ်”
ကျွန်တော်သည် ဆရာမလေးကို ငွေလှမ်းပေးလိုက်သည် ။ ဆရာမလေးသည်
ငွေကိုတုန်တုန် ရီရှီနှင့်လှမ်းယူရင်း အင်္ကျီအိပ်ကပ်ထဲထည့်လိုက်သည်။
“ကျေးဇူးပါပဲ”ဟုခပ်တိုးတိုးပြောသည်။
ကျွန်တော်သည် ၀ုန်းကနဲထရပ်လိုက်ကာ အခန်းထဲတွင် လျှောက်နေမိတော့သည်။
စိတ်လည်းအတော် ဆိုးသွားသည်။
“နေပါဦး ၊ဆရာမကကျုပ် ဘာ့အတွက်ကျေးဇူးတင်ရတာလဲ” ဟုခပ်ဆတ်ဆတ်
မေးလိုက်သည်။
“ပိုက်ဆံပေးတဲ့အတွက်ပါ”
“ကျုပ်ခင်ဗျားကိုငွေလိမ်ပေးနေတာ၊ နေကခင်းကြောင်တောင်ကြီးအေးဓမြတိုက်နေတာ၊ ဘာပြုလို့
ခင်ဗျားက ကျုပ်ကိုကျေးဇူးတင်တာလဲ”
“တစ်ခြားမှာဆို တစ်ပြားမှမရလို့ပါ ”
“တစ်ပြားမှမရဘူး ဟုတ်လား ဖြစ်မှဖြစ်ရလေ အေးလေ…….အံ့သြစရာတော့မရှိပါဘူး
။ကျုပ် ခင်ဗျားကိုရက်စက်တဲ့ သင်ခန်းစာတစ်ခုကို ပေးချင်လို့ပါ။ ခင်ဗျားလစာ နှစ်လအတွက်
ရူဘယ် ရှစ်ဆယ်လုံးလုံးအပြည့်ပေးမှာပါ။ဟောဟိုက စာအိပ်လေးထဲမှာ အပြည့်ထည့်ထားပါတယ်
ဆရာမခင်ဗျားဘာဖြစ်လို့ဒီလောက်ပျော့ညံ့ရတာလဲ။မဟုတ်တာကိုဘာဖြစ်လို့ ပြန်မပြောရဲရတာလဲ
မဟုတ်တာကိုပြန်ပြောရဲရမယ်ဒီလိုမှမဟုတ်ဘူဆိုရင်တော့ဘ၀မှာ ဘယ်လိုလုပ်ပြီးနေလို့ရတော့မှာ
လဲ ဒီလိုပျော့ညံ့လို့ဘယ်ဖြစ်မလဲ”
ဆရာမလေးပြုံးယောင်သန်းလာသည် ။
ကျွန်တော်သည် ဆရာမလေးအား ဘ၀နေနည်း သင်ခန်းစာတစ်ရပ် ကိုရက်ရက် စက်စက်
ပေးမိလိုက်သည့်အတွက် ခွင့်လွှတ်ဖို့ တောင်းပန်ရင်း ဆရာမဧ။် လစာ ရှစ်ဆယ်ရူဘယ်ကို ပေးလိုက်
ပါသည်။ ဆရာမလေး သည် အံ့အားသင့်နေသည်။
“ကျေးဇူးတင်ပါတယ်”
ဟုကြောက်ကြောက်ရွံ့ရွံ့နှင့်ပြောရင်းအခန်းထဲမှာထွက်သွားသည်။သူထွက်သွားတာလေမှပင် သူဧ။်
ကျောပြင်ကို ငေးကြည့်ရင်း လောကကြီးမှာ ရက်စက်တယ်ဆိုတာ အလွန်လွယ်ကူတဲ့ အလုပ်ပါလား
ဟုတွေးနေလိုက်မိတော့ဧ။်။
မှတ်ချက်။ ။ ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊အမှတ်(၉)၊ အောက်တိုဘာလမှ၊ရုရှားစာရေးဆရာကြီး
Anton Chekohoy ဧ။် ၀ထ္ထုတို Softy ကိုပြန်ဆိုသော စာရေး
ဆရာ လင်းဝေမြိုင် အားလေးစားလျှက် (ကရင်)
Posted by ကရင်
ဗန်ဂိုးလ်ပိုင်တဲ့ည
ဒီညထဲကို…….ရောက်လာပြန်ပြီ
ဗင်းဆင့်ရေ……ခင်ဗျားမျှော်လင့်နေတဲ့ကြယ်တွေစုံပြီလား
ခင်ဗျားလိုပဲ ကျွန်တော့်ကိုဘယ်သူမှနားမလည်ပါဘူး
လှုပ်ခတ်နေလိုက်တာဗျာ
သံစဉ်တွေဟာ မှုံဝါး စီးဆင်း
အမှောင်မှာဖူးပွင့်နေတဲ့ ညမွှေးပန်းလေးတွေရယ်….တေးသီနှင့်တော့။
လွမ်းတယ်…..
ဗင်းဆင့်ကသူပိုင်သမျှကမ္ဘာကိုအကုန်ပေးတယ်
ငါကတော့…ငါပိုင်သမျှမင်းကိုပေးတယ်
(ငါ့မှာချစ်ခြင်းတစ်ခုကလွဲပြီးဘာမှမရှိပါဘူးကွယ်)
ဗင်းဆင့်ရေ…ခင်ဗျားကမျက်စိကနေကြားတယ်
ငါက….ငါ့နှလုံးသားကနေ မင်းရဲ့အသံကိုနားထောင်တယ်
အာလူးစားသူဟာ ငါကိုယ်တိုင်ပဲလား(မျက်လုံးတွေကိုကြည့်လှည့်)
နေကြာပန်းလေးတစ်ခင်းစိုက်ပျိုးဖို့
ငါ့ကို ဓားတစ်လက်နှင့် နားရွက်တစ်ဖက်သာပေးတော့….ဗန်ဂိုးလ်ရယ်။
ငါဟာချစ်သူရဲ့ ဆံချည်မျှင်လေးတစ်မျှင်လောက်နဲ့တင် ရူးလောက်သူပါ
အမှန်တရားအကြောင်းမပြောချင်တော့ဘူး။
ဆိုက်ပရပ်စ်လမ်း၊ ပါရီကဖေးနဲ့ ဒုက္ခတိမ်တိုက်တွေကြား
ခင်ဗျားရဲ့အနားမှာဘယ်သူရှိသလဲ သိချင်ရဲ့
တုန်လှုပ်မှုဟာသွေးကြောထဲစိမ့်ဝင်
ဒီညမှာတော့ ခင်ဗျားပြောတဲ့ပုံပြင်တွေသာ
နားထောင်နေမိတော့တယ်………………..။
မှတ်ချက်။ ။ထူးအိမ်သင် သီဆိုသော Vincent Van Gogh တမ်းချင်း သီချင်းကိုခံစားရေးဖွဲ့ဘာသာပြန်ခဲ့သော ကျွန်တော် အမည်မသိသော ဘာသာ
ပြန်သူကို လေးစားလျှက် (ကရင်)
Posted by ကရင်
ဟောဒီလောကမှာ မိဘ နဲ့ ဘုရားထက် တန်ဖိုးရှိတဲ့သူမရှိပါဘူး
အိမ်ထောင်သက် (၂၁)နှစ်အကြာမှာ ကျွန်တော့်မိန်းမကျွန်တော့်ကို အမျိုးသမီးတစ်ယောက်နဲ့ ညစာအတူ
ထွက်စားပြီး ရုပ်ရှင်အတူတူ ကြည့်စေချင်ကြောင်း ပြောလာပါတယ်။ ကျွန်တော့်မိန်းမက ပြောပါတယ်။
သူကျွန်တော့်ကို ချစ်တယ်တဲ့။ ဒါပေမယ့် အဲဒီအမျိုးသမီးလည်း ကျွန်တော့်ကို သိပ်ချစ်ပြီး ကျွန်တော်နဲ့
အတူတူ ရှိနေချင်တာ သူသိတယ်တဲ့။
ကျွန်တော့်မိန်းမပြောနေတဲ့ အမျိုးသမီးဆိုတာ မုဆိုးမအဖြစ် ဘ၀ကိုဖြတ်သန်းနေတာ (၁၉)နှစ်ရှိပြီဖြစ်တဲ့
ကျွန်တော့်အမေပါ။ ကျွန်တော့်ရဲ့ အလုပ်တွေနဲ့ သားသမီး(၃)ယောက်အတွက် တာဝန်တွေေ ကြာင့်
အမေ့ဆီကို အကြောင်းထူးရှိတဲ့ တခါတရံကလွဲလို့ သိပ်မရောက်ဖြစ်ပါဘူး။
အဒဲီညကတော့ အမေ့ကိုဖုန်းဆက်ပြီး ကျွန်တောန်ဲအ့ တူ ညစာထွက်စားပြီး ရုပ်ရှင်ကြညဖ့ို့ ပြောလိုက်ပါတယ်။
"သား... နေရောကောင်းရဲ့လား။ ဘာများဖြစ်နေလဲ?" အမေဟာ ညည့်နက်မှဖုန်းလာရင်၊ ဆိုင်းမဆင့်ဗုံမဆင့်
အပြင်ထက်ွစားဖို့ခေါ်ရင် သတင်းဆိုးတွေများ ရှိလို့လားလို့ သံသယ၀င်တတ်တဲ့သူပါ။
"မဟုတ်ပါဘူး အမေရယ်။ အမေနဲ့ အေးအေးဆေးဆေးတြွေ့ ပီး စကားလေးဘာလေး ပြောချင်လို့ပါ။
ကျွန်တော် နဲ့ အမေနဲ့ နှစ်ယောက်ထဲလေ" အမေက စဉ်းစားသလို ခဏငြိမ်သွားပြီးမှ "အရမ်းကောင်းတာပေါ့
သားရယ်" လို့ ပြန်ပြောပါတယ်။
အဒဲီအပတ် သောကြာနေ့မှာ ရုံးဆင်းတာနဲ့ အမေ့ကကိုားနဲ့ သွားကြိုပါတယ်။ ကျွန်တော့်စိတ်ထမှဲာ
နည်းနည်းလှုပ်ရှားနေမိတယ်။ အမေ့အမိကို ရောက်တဲအ့ ခါမှာ အမေလည်း ကျွန်တောလ့ိုပဲ စိတ်လှုပ်ရှားပျော်
ရွှင်နေတာ တွေ့ရပါတယ်။ အမေက ကုတ်အကျီလေးဝတ်ပြီး တံခါးဝမှာ စောင့်နေပါတယ်။ ဆံပင်လေးတွေကို
အခွေအလိပ်လေးတွေ လုပ်ထားပြီး အဖေနဲ့နောက်ဆုံးအကြိမ် မင်္ဂလာနှစ်ပတ်လည် ပွဲတနုးက ၀တ်ခဲ့တဲ့ 
အကျီလေးကိုပဲ ၀တ်ထားပါတယ်။ အမေ့မျက်နှာပေါ်က အပြုံးဟာ နတ်သမီးတစ်ယောက်ရဲ့
ကိုယ်ရောင်ကိုယ်ဝါလိုပဲ လင်းလက်တောက်ပနေပါတယ်။
"အမေ့သူငယ်ချင်းတွေကို ငါသ့ားလေးနဲ့ အပြင်ထက်ွပြီး ထမင်းစားမလို့ လို့ပြောလိုက်တော့ သူတေို့ တွက
အမေ့ကိုအထင်ကြီးနေကြတယ်။ သားနဲ့ ဘယ်တွေသွားတယ် ဘာတေစွားတယ်ဆိုတာ သူတို့ကိုပြန်ပြောပြ
ရဦးမယ်။ သိပ်သိချင်နေကြတယ်..." ကားပေါ်တက်ရင်း အမေကပြောတယ်။
ဆိုင်အကောင်းစားကြီးမဟုတ်ပေမယ့် သပ်သပ်ရပ်ရပ်နဲ့ နွေးထွေးမှုရှိတဲ့ ဆိုင်လေးတစ်ဆိုင်ကို ကျွန်တော်တို့
သွားလိုက်တယ်။ ထိပ်တန်းအမျိုးသမီးကြီး တစ်ယောက်ရဲ့ ဟန်ပန်မျိုးနဲ့ အမေက ကျွန်တော့်လက်မောင်းကို
ကိုင်ထားပါတယ်။ စားပွဲမှာ ထိုင်ပြီးတော့ အစားအသောက်စာရင်းကို ကျွန်တော်က ဖတ်ပြရပါတယ်။
အမေက စာလုံးကြီးကြီးတွေကိုပဲ ဖတ်နိုင်တော့လို့ပါ။ ဖတ်ရင်းတန်းလန်းနဲ့ မော့ကြည့်မိတော့ ကျွန်တော့်ကို
ထိုင်ပြီးစိုက်ကြည့်နေတဲအ့ မေ့ကို တွေ့ရပါတယ်။ အတိတ်ကို သတရိနေတဲ့ အပြုံးလေးနဲ့ အမေကပြော
တယ်...
"သားငယ်ငယ်လေးတုန်းကတော့ အစားအသောက်စာရင်းကို ဖတ်ပြတဲ့သူက အမေပေါ့..."
"အခုတော့ အမေအနားယူပြီး ကျွန်တော့်ကို အလှည့်ပေးပေါ့... နော်အမေ..." လို့ ကျွန်တော် ပြန်ပြောလိုက်ပါ
တယ်။
ညစာစားရင်း ကျွန်တော်တို့နှစ်ယောက် စကားကောင်းကောင်း ပြောဖြစ်ခဲပ့ါတယ်။ ပြောဖြစ်တဲ့ အကြောင်း
အရာတွေက ဘာမှထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ အခုလတ်တလော ကိုယ်ဘာတွေလုပ်တယ်
ဘာတြွေဖစ်တယ်ဆိုတာကို အပြန်အလှန် ပြောဖြစ်ကြတာပါ။ စကားပြောတာ ဘယ်လောက်ကြာသွား
သလဲဆိုရင် ရုပ်ရှင်တောင် လွတ်သွားတဲ့အထိပါပဲ။
အမေ့ကို အိမ်ပြန်ပို့တော့ အမေက "အမေတို့ နောက်တစ်ခါလည်း အခုလိုပဲ အပြင်ထွက်စားကြဦးမယ်လေ။
ဒါပေမယ့် ဒီတစ်ခါတော့ အမေက ကျွေးမှာနော်..." လို့ပြောလို့ ကျွန်တော် သဘောတူလိုက်ရပါတယ်။
အိမ်ပြန်ရောက်တဲအ့ ခါ ကျွန်တော့်မိန်းမက "ညစာထွက်စားတာ ပျော်ခဲလ့ား" လို့ အပြုံးနဲ့ မေးပါတယ်။
"အရမ်းပျော်ဖို့ကောင်းတယ်။ ကိုယ်မျှော်လင့်ထားတာထက်တောင် အများကြီးပိုပြီး ပျော်ဖို့ကောင်းပါတယ်..."
လို့ ပြန်ဖြေမိပါတယ်။
ရက်အနည်းငယ်အတွင်းမှာပဲ ရုတ်တရက် ပြင်းထန်တဲ့ နှလုံးရောဂါခံစားရပြီး အမေဆုံးရှာပါတယ်။ အဖြစ်
အပျက်က မြန်ဆန်လွန်းလို့ အမေ့ကို ကျွန်တော် ဘာမှတောင် လုပ်မပေးလိုက်နိုင်ပါဘူး။ အမေဆုံးပြီး သိပ်မ
ကြာခင်မှာ အမေနဲ့ကျွန်တော် သွားခတဲ့ဲ စားသောက်ဆိုင်က ငွေလက်ခံဖြတ်ပိုင်း မိတ္တူတစ်စောင်ပါတဲ့
စာအတိတစ်အတိ ကျွန်တော့်ဆီကို ရောက်လာပါတယ်။ ဖြတ်ပိုင်းမိတ္တူနဲ့အတူ အမေရေးထားတဲ့
စာလေးတစ်စောင်ပါ ပါလာပါတယ်။
"သား... ဒေီ ငွေ တာင်းခံလွှာအတွက် အမေကြိုပြီး ပိုက်ဆံပေးခဲ့တယ်... အဒဲီနေ့မှာ အမေသားတို့နဲ့ အတူရှိနေ
နိုင်ပါ့မလားဆိုတာတော့ သိပ်မသေချာဘူး... ဘာပဲဖြစ်ဖြစ် အမေလူနှစ်ယောက်စာအတွက် ပိုက်ဆံ ပေး
ခဲ့တယ်။ အမေ့သားနဲ့ အမေ့ချွေးမ အတက်ွပါ... သားနဲည့ စာထွက်စားတဲည့ ဟာ အမေ့အတွက်
ဘယ်လောက်အဓိပ္ပါယ်ရှိတယ်ဆိုတာ သားဘယ်တော့မှ သိမှာမဟုတ်ပါဘူး... သားကို အမေသိပ်ချစ်
တယ်..."
အမေ့စာကို ဖတ်ပြီးချနိမှာ ကိုယ်ချစ်တသဲူ့ကို ချစ်တအဲ့ ကြောင်း အချိန်မီပြောဖို့၊ သူတို့ရသင့်တဲ့ တန်ဖိုးရှိတဲ့
ပျော်ရွှင်စရာအချနိတေကွို အချနိမီပေးဖို့ ဘယ်ေလာက် အရေးကြီးတယ်ဆိုတာ ကျွန်တောန်ားလညလိုက်ပါ
တယ်။
မှတ်ချက်။ ။ ကျွန်တော်ဖတ်တဲ့အချိန်မှာ ဘာသာပြန် တဲ့ စာရေးဆရာရဲ့နာမည်မပါတဲ့အတွက် မထည့်ထားတာပါ။
ဘာသာပြန် သူအားလေးစားလျှက် အားလုံးဖတ်ဖို့အတွက် မူရင်းအတိုင်းရေးသားထားပါတယ် (ကရင်)
Posted by ကရင်
အပိုင်း(၁)
ကျွန်တော့အရွယ် လူတစ်ယောက် စားပွဲကိုခပ်ကိုင်းကိုင်းမှီလို့။.ဆံပင်က ဘုတ်သိုက်၊ မုတ်ဆိတ်မွှေး ဗရပျစ်နဲ့။
လက်ထဲကတံမြက်စည်းကို တစ်ခါတစ်လေ ဂစ်တာလိုတီးလိုက်၊တစ်ခါတစ်လေ မိုက်ကရိုဖုန်းလိုပါးစပ်မှာကပ်
ထားပြီး သီချင်းဆိုလိုက်။ သူဆိုတာကတာကြည့်ပြီး ကော်ဖီဆိုင်ထဲက လူတွေဆိုတာ သေမလောက်ကို ရယ်နေကြတာ။
'အဲ့ဒါ ဒို့မြို့က အရူးလေကွာ'
တဲ့။ကျွန်တော့ ယောက်ဖကရှင်းပြနေလေရဲ့။
အရူးကသီချင်းတစ်ပုဒ်နဲ့ တစ်ပုဒ်အကြား အမူအရာလည်းလုပ်ပြလိုက်သေးတယ်။ တံမြက်စည်းရိုးကို ရှေ့တိုးနောက်ပြန်လုပ်လိုက်၊ ပြီးတော့ အရိုးကို ပါးစပ်နဲ့ငုံထားလိုက်၊ တင်ပါးဆုံကို နိမ့်ချည်မြင့်ချည် လုပ်ရင်း
ကလိုက်။
'ဒင် ဒင်ဒယ်ယူလား၊ ဒင်ဒယ်ယူလား'
နဲ့ပေါက်ကရ အော်ဆိုပြန်ရော။ လူအုပ်ကလည်းအရှိန်ရလာပြီး တစ်ခါတစ်ခါ. . .
'အရူးကြီးဟစ်လမီ ကွ ၊ငရူးကြီး ဟစ်လမီကွ'
လို့အော်ဟစ်အားပေးကြသေးတယ်။
ဟာ.....ဟစ်လမီဆိုပါလား။ငါသိတဲ့ဟစ်လမီလား။ မုတ်ဆိတ်မွှေးဗရပျစ်နဲ့ ဆိုပေမယ့် မျက်နှာကတော့ သူ့မျက်နှာနဲ့တူတယ်။ မျက်စိကစွေစွေ၊ လက်သီးလောက်နှဖူးက မောက်မောက်၊ ပေါက်ပြားနားရွက်နဲ့။ ပြီးတော့ လက်မောင်းတွေကလည်းရှည်လိုက်သမှ ၀က်ဝံလက်ကျနေတာပဲ ။ သူမှသူပါ။
'ဒီမှာကျုပ် ဒီအရူးကိုသိမယ်ဗျ'
ယောက်ဖကိုလှည့်ပြောလိုက်မိတယ်။
'သိမှာမဟုတ်ပါဘူးကွာ မင်းဒီမြို့ကို အခုမှရောက်ဖူးတာပဲဘယ်လိုလုပ်တွေ့ဘူးမှာလဲ'
'ဒါထက် သူဒီနားတစ်ဝိုက်ကလား'
'ဟောဗျာ၊ ဒါတော့ငါလည်းမသိဘူးကွ၊သုံးနှစ်လောက်က ငါဒီမြို့ကိုစရောက်လာတော့ သူရှိနေပြီ'
ဒီအချိန်မှာအရူးကအသုံးတော်ခံလို့ပြီးသွားပြီ။ စားပွဲတစ်ခုပြီးတစ်ခု ကူးသွားရင်း ပြား ၅၀ ယူလိုက်၊တစ်ကျပ် ယူလိုက်နဲ့ လုပ်နေတယ်။ တချို့စားပွဲတွေမှာတော့ သွားစမ်း လို့ငေါက်ထုတ်တာ ခံရတာပေါ့။
ပြီးတော့ခေါင်းငိုက်စိုက်နဲ့ ထွက်သွားလေရဲ့။ကျုပ်သိချင်လာတယ်။ ဒါကြောင့် ခုံကနေအမြန်ထလိုက်တယ်။ ဒီလူ့ကိုသိတာမှ တော်ရုံတန်ရုံမဟုတ်ဘူး ခရိုင်ရုံးမှာသူနဲ့ တူတူ အလုပ်လုပ်တာ ခုနစ်နှစ်တောင်ကြာတာပဲ။ ကျုပ်အဲ့ဒီအလုပ်ကထွက်ပြီးကတည်းက ဟစ်လမီဘေး အကြောင်းဘာမှမကြားခဲ့တာပဲ။ဒါပေမယ့် ကျုပ်သိတဲ့ ဟစ်လမီဘေး ကတော့တည်တည်ကြည်ကြည် ပါ။သူ့နောက်က ကျုပ်လိုက်သွားတယ်။
ကုန်ဆုံဆိုင်တစ်ခု မှာဟစ်လမီဘေး လို့ပြောရင်း အိတ်တစ်အိတ် ထဲက သီဟိုဠ်စေ့လက်တစ်ဆုတ်စာ သူနှိုက်လိုက်တဲ့အချိန်မှာပဲ သူ့ကို ကျုပ်မှီတယ်။
ကျုပ်ကိုမလုံမလဲလှမ်းကြည့်ရာက ဆိုင်ပိုင်ရှင်ဘက် လှည့်သွားတယ်။ကုန်ဆုံဆိုင်ရှင်က သူ့လက်ထဲကို သီဟိုဠ်စေ့ ထည့်ပေးရင်း ကျုပ်ကိုလှမ်းပြောတယ်။
'ဒီလူက လာဘ်ကောင်းတယ်ဗျ ဘယ်စတိုးဆိုင်ဖြစ်ဖြစ် သူတစ်ခုခု လာယူတဲ့နေ့ဆိုရင် တစ်နေ့လုံးရောင်းကောင်းပြီသာမှတ်တော့'
ဟစ်လမီဘေး အဲဒီက သုတ်သုတ်သုတ်သုတ် နဲ့ ထွက်သွားတယ်။ ပြေးသလား အောက်မေ့ရတယ်။ ကျုပ်လဲအပြေးလိုက်ရတော့တာပေါ့ သူကကျုပ်သိတဲ့ ဟစ်လမီလား တခြားဟစ်လမီလားသိချင်လို့ပါ။ သူကပန်းခြံတွေဘက်ကို ဦးတည်ပြေးနေတယ်။
အရူးတစ်ယောက်ရဲ့ခွန်အားက သာမန်လူထက်ပိုကြီးတယ် တော့ပြောကြတာပဲ။ ဒါပေမယ့် ဒီလူကိုမှီလုမှီခင်အထိ ကျုပ်လိုက်နိုင်ပါတယ်။ သူကအရှိန်မြှင့်ရင် ကျုပ်က ပိုတောင်မြှင့် နိုင်သေးတယ်။ ဒါပေမယ့် နောက်ဆုံးတော့ သစ်ပင်ထူထူနေရာမှာ သူ့ကိုမျက်ခြည်ပြတ်သွားတယ်။
'ဟစ်လမီဘေး၊ ဟစ်လမီဘေး'
ကျုပ်လဲအော်ခေါ်တော့တာပေါ့။
Posted by ကရင်
အပိုင်း(၂)
ဘာမှထူးသံမကြားပါဘူး၊ သစ်ပင်နောက်ကွယ်မှာ ကွယ်နေရင်ဘယ်လိုမြင်မလဲ ။အခါခါခေါ်တော့မှ အနားလေးကပဲရူးကြောင်ကြောင် ရယ်သံကြားရတယ်။ တွေ့ပြီလေ။ ချုံပုတ် နောက်ကပြုံးပြုံးကြီးထွက်လာတာ။
'ဟစ်လမီဘေး'
'ဟင်'
ဟုတ်ပါပြီ သူပါပဲ။ဒါပေမယ့် သံသယလေးတွေ ကတော့ မစင်သေး။
ဒါကြောင့် အနားကပ်သွားတယ်။
'နေပါဦး ဟစ်လမီရ၊ ဘာတွေ ဘယ်လိုဖြစ်နေတာလဲ'
'ဟို ကျွန်တော်က မြို့အရူးလေဗျာ'
'မင်းကတကယ်ကော ရူးလို့လားကွ'
သူကရယ်ပြန်ပါရော။
'ကျုပ်ရယ်တာ ကြားကြားချင်း ကျုပ်ကို အရူးလို့ခင်ဗျားထင်မှာပေါ့'
ပြောပြောဆိုဆို နဲ့ သူ့အိတ်ထဲက ပစည်းတွေ ကျုပ်ရှေ့မှာ ချပြတယ်။ချော့ကလက်တွေ သစ်ကြားသီးတွေ အဖိုးတန်စီးကရက်တွေ နိုင်လွန်ဖဲကြိုးတွေ ပန်းသီးတွေ။ ပြီးတော့ ခါးက အ၀တ်ကို ဖြေဆန့်လိုက်တော့ သုံးမီတာလောက်ရှည်တဲ့ ကုတ်အင်္ကျီကြီး။ ဟစ်လမီအိတ်တွေက ကုန်ခြောက်ဆိုင်တစ်ဆိုင်လောက်တော့ အသာလေး ထည့်နိုင်တာပေါ့။
'ပြောစမ်းပါဦး မင်းစိတ်မှမှန်သေးရဲ့လား'
'စိတ်မှန်သေးရဲ့လား ဟုတ်လား၊အလိုလေး ကျွန်တော့ခေါင်းကဆိုတော့ ဘာဆိုဘာမှ မဖြစ်သေးပေါင်ဗျာ'
'တကယ်ကောင်းပါတယ်နော်'
'တကယ်ပါ အကောင်းပကတိပါ ခင်ဗျားအလုပ်ကထွက်သွားတာ ကျွန်တော်နားလည်ပါတယ်၊ကျွန်တော်တို့ အလုပ်က အလကားအလုပ်မဟုတ်လား

အိမ်လခပေးလိုက်ရင်စားစရာမကျန်တော့ဘူး ရတဲ့လခနဲ့စားပစ်မယ် ဆိုရင်လည်း အိမ်လခပေးစရာ မကျန်တော့ဘူး။ဒါနဲ့ ကျွန်တော်လည်းတစ်လ ခွင့်ယူတယ်။ နောက်တော့ အရူးမရှိတဲ့ မြို့ ကိုမတွေ့တွေ့အောင် ရှာတော့တာပဲ။ ကုတ်အင်္ကျီ အထူကြီးဝတ် မျက်မျန်အမည်းကြီးတပ်လို့ပေါ့ လက်ထဲမှာ ခရီးဆောင်အိတ်ကြီး ကိုင်ထားရသေးတယ်။ တစ်မြို့ ပြီးတစ်မြို့ ကိုသွားတာ။ရောက်လေသမျှမြို့မှာ ပထမဆုံး စုံစမ်းတာကတော့ အရူးရှိမရှိပဲ၊ရှိတယ်လို့ပြောတာနဲ့ အဲဒီမြို့ကချက်ချင်းခွာတာပဲ ။မြို့တစ်ရာနီးနီးကိုလောက်ကို ရောက်တာ မြို့တိုင်းမှာက အရူးရှိကြတာချည်းပဲ။
ခြိုးခြိုးခြံခြံ သုံးတာတောင် ဒီမြို့ရောက်တော့ ဘိုင်ပြတ်တော့မယ်။နောက်ဆုံး တစ်ပြားပဲကျန်တော့တယ်။ ကော်ဖီဆိုင်တစ်ဆိုင် ၀င် လက်ဘက်ရည် တစ်ခွက် သောက်ပြီး စားပွဲထိုးကို ခေါ်မေးရတယ်။'
'အစ်ကိုရေ ဒီမြို့မှာ အရူးတစ်ယောက်တလေများ ရှိသလားဗျ'
'ဒီမှာလားဗျာ ရှစ်နှစ်လောက်က အရူးတစ်ယောက်လောက်တော့ ရှိဘူးပါတယ်။ ကုန်ကား တိုက်လို့သူသေသွားတည်းက သူ့ကိုလွမ်းကျန်ရစ်ခဲ့တာပေါ့။ တကယ့်ကိုတော်တဲ့အရူးဗျာ ကော်ဖီဆိုင်ထဲမှာ သီချင်းဆိုလိုက် အရပ်ထည်းမှာ သီချင်းဆိုလိုက် အရပ်ထည်းမှာ သီချင်းဆိုလိုက် အရပ်ထဲမှာဟိုအိမ်ဝင်ဒီအိမ်သွား။ အိမ်တံခါး အ၀တ်ချည်လိုက် မင်္ဂလာပွဲရှိတဲ့အခါ တီးလိုက်မှုတ်လိုက်နဲ့ပေါ့။ သူ့နှာခေါင်းကပလွေ သူ့ရင်ဘတ်ကစည်လေဗျာ။ သောကြာတစ်ရက်မှာတော့ ဝေလွင်ဆိုတဲ့သူမောင်းတဲ့ ကားနဲ့ တိုက်မိတယ် ဗျာ ကျုပ်တို့တစ်မြို့လုံးဘာလုပ်တယ်မှတ်လဲ သူ့အသုဘကို အကြီးအကျယ်ကိုဝိုင်းလုပ်ကြတာ မြို့တော်ဝင် သေတုန်းက တောင် ဒီလောက်မစည်ဘူး'
စားပွဲထိုးကသက်ပြင်းကြီးများတောင်ချနေသေးတယ်ဗျ။
နောက်မှ. . . . . . .
'အဲ့ဒီအရူးလည်းသေသွားရော ဒီမြို့ကလည်းပျော်စရာမကောင်းတော့ဘူးဗျာ။ သူ့လိုအရူးမျိုး ဘယ်မှာမှ တွေ့မယ်မထင်ပေါင်ဗျာ'
တဲ့။
ဒီစကားလဲကြားရော ကျွန်တော်လည်း အိမ်ပြန်၊ မိသားစုကိုတွေ့တယ်။ နည်းနည်းပါးပါး ထုပ်ပိုးပြီးတော့ မိန်းမကိုပြောပြရတာပေါ့။
'သွားတော့မယ် ရှင်မရေ' ပေါ့။ ဒီတော့ သူကတအံ့တ သြနဲ့ 'ရှင့်ဟာကအခုထဲကရူးနေသလိုပ'ဲ တဲ့။တွေ့တယ်မဟုတ်လား။
အဲ့ဒီထည်းက ကျွန်တော်ရူးနေပြီ။ မိန်းမကမေးတယ် 'ကျွန်မတို့က ဘာလုပ်ရမှာလဲ' တဲ့။
'မင်းတို့က အရူးသားမယား ဖြစ်ရမှာပေါ့' လို့ကျွန်တော် ပြန်ပြောလိုက်တယ်။
'ဒီလိုနဲ့မြို့ထဲ ၀င်တော့မယ်ဆိုတော့ အရူးရဲ့ ဂုဏ်အင်္ဂါ နဲ့လိုက်အောင် ကျုပ်အ၀တ်တွေပြင်ရဆင်ရတော့တာပေါ့။'
ပထမဆုံးကတော့ အနီရောင် ကုတ်အကျီအရှည်ကြီးတစ်ထည်ချုပ်တယ် ။ဟောင်းသလို ထင်ရအောင် ရွှံ့ထဲနှစ် တယ်။ ဘယ်ဘက်ညာဘက်မှာ အပေါက်တွေဖောက်တယ်။ ပြီးတော့ ပျံကျဈေးသွားပြီး အဖိုးမတန်တော့တဲ့ ငွေစကူဟောင်းတွေ အထုပ်လိုက် ၀ယ်တယ်။ ပေါက်ကရ တံဆိပ်တွေဝယ်တယ်။ ကုတ်အကျီင်္ပေါ်မှာ ဟိုတစ်ခု ဒီတစ်ခု တပ်တယ်။ ခါးပတ်ကြီး ခါးမှာပတ်တယ်။
'တစ်ဖက်စွန်း ကတော့ ဒယ်အိုးတစ်လုံးကိုချည်ထားတယ်။ ဒယ်အိုးက ကျွန်တော့ ဂစ်တာပေါ့။ ခါးပတ်မှာဆွဲထားတာတွေဆိုတာ ပြည့်လို့။ သစ်သားဇွန်းတွေရော ကိုးရိုး ကားယား ဦးထုပ်ရော နာရီ ဟောင်းရော မိန်းမ ဆောင်းထီးရော ကျွန်တော် ဘတ်စ် ကားပေါ် မတက်လိုက်နဲ့။ သံစုံကိုမည်လို့။'
ဘတ်စ်ကားထဲကလူတွေ ဆိုရင် တဟားဟားနဲ့။ဒီတော့ ကျွန်တော် က ကားထဲမတ်တပ်ရပ်ပြီး ဒယ်အိုးကို ဂစ်တာလုပ်ရင်း တတ်သမျှသီချင်းတွေ အော်ဆိုပါရော ။ ရယ်ကြ လက်ခုပ်တီးကြ ပျော်နေကြပုံများ ပြောမတတ်အောင်ပဲ။ ပန်းသီးတွေပေးကြ သကြားလုံးတွေပေးကြ သကြားလုံးတွေပေးကြနဲ့။ ပိုက်ဆံလည်းပါတာပေါ့။ ဒါတင်ဘယ် ဟုတ်မလဲ ကားဆရာကဆို ကားခမတောင်းပဲနဲ့ သူ့အိမ်ကိုတောင် ခေါ်သွားသေးတယ် ။
'ခုမှတွေ့ရတယ်ဗျာ အိမ်ကိုနေ့တိုင်း လာစမ်းပါ ။အစားအသောက် က ကျုပ်တာဝန်' တဲ့၊မြို့ထဲရောက်လို့ ကားပေါ်က ဆင်းလာရင်လည်း ရယ်ကြ မောကြပြန်တာပဲ။
Posted by ကရင်
အပိုင်း(၃)
ကျွန်တော် ကားပေါ်ကဆင်းတာနဲ့ ကလေးရှစ်ယောက် လောက် ဆယ်ယောက်လောက်တ ကောက်ကောက် နဲ့ လိုက်ကြတော့တာပဲ။ နောက်တော့ ငါးဆယ် တစ်ရာ အထိတိုး လာတာပေါ့။
'ကလေးတွေ အကြောင်း ခင်ဗျားလည်းသိမှာပေါ့ သူတို့ကသူတို့ မိဘတွေကိုပြောပြတော့ ကျွန်တော်လည်း စစချင်းနေ့ ကတည်းက တစ်မြို့လုံး ဟိုးဟိုး ကျော်တော့တာပဲ။ 'တို့မြို့ကို အရူးတစ်ယောက် ရောက်နေတာကြား ပြီးပြီလား' ဘာညာပေါ့။
'မောင်မင်းကြီးသားများ ကျေးဇူးကြီးပါပေတယ် ဗျာ။ ရောက်တဲ့နေ့ကတည်းက လက်ဖက်ရည် ကော်ဖီဆို အလကား ။ ပြီးတော့ သုံးရစွဲရအောင် ပိုက်ဆံထည့်ပေးသေးတာ။ ဒါတွေတွေးလိုက်တော့ လွတ်သွားတဲ့နေ့တွေ နှမြောလိုက်တာ သေချင်စော် တောင်နံတယ်။ ဒီမြို့ကလူတွေမှာ အရူးလေးတစ်ယောက်မရှိလို့ နှစ်ပေါင်းများစွာ မအီမလည် ဖြစ်နေတဲ့ အချိန်မှာ ကျွန်တော်ကရုံးမှတ်တမ်းတွေ မှာစာမျက်နှာနံပါတ်တွေတပ်လို့ ။ဒါရိုက်တာအခန်းထဲ ၀င်တဲ့ အခါများခါးကလေးကုန်းလို့။ လခလေး တစ်ထောင်လောက်အတွက် အချိန်တွေ ကုန်နေပုံပြောပါတယ်။ သိများသိခဲ့ရင် ဒီမြို့ကို စောစော ထဲက လာပါရဲ့'
'အရူးတစ်ယောက်တွေ့ရင်ကိုပဲ လူတွေကသိပ်ပျော်တာ။ ဘယ်သူလဲ သယ်ကလာလဲဆိုတာတောင်မေးမနေတော့ဘူး အခုဆို မြို့တော်ဝန် ရုံးခန်းများသွားရင် ဆလံပေးစရာတောင်မလိုဘူး ။ကုန်ကုန် ပြောရရင် တံခါးခေါက်စရာတောင် မလိုဘူး ။တန်းဝင်သွား မြို့ တော်ဝန် လက်မောင်းပေါ်ကိုမှီ ။ ပြီးတော့ ပက်လက် ကုလားထိုင် ပေါ်မှာ တက်ထိုင်ယုံပဲ လက်ထဲမှာ အဖိုးတန် စီးကရက် ညှပ်လိုက်တာနဲ့ သူ့မီးခြစ်နဲ့ ကိုယ်တိုင် ညှိပေးတာ။ ကော်ဖီတစ်ခွက်လည်း မှာပေးလိုက်သေး '
Posted by ကရင်
အပိုင်း(၄)
'ကျွန်တော် ကော်ဖီသောက်နေတဲ့အခါ ခင်ဗျားမှာ ပြသာနာတစ် ခုခု များ ရှိမလား ဆိုပြီး' မေးနေသေးတာ။ ကျွန်တော် ကပြုံးနေယုံပါပဲ။ ဘာပြသာနာမှ မရှိဘူးဆိုတဲ့သဘောမျိုးပေါ့။ ကျွန်တော်သူ့အခန်းက ထွက်ဖို့ပြင်တာနဲ့ မြို့ တော်ဝန်က ငါးရာတန် တစ်ရွက် အိတ်ထဲကို ထည့်ပေးသေးတယ်။ အဲဒီကတစ်ခါ ဆရာဝန် ဆီ ။ ကျန်းမာချမ်းသာကြပါစေဗျာ။ သူတို့ကလဲ ငါးရာ တစ်ထောင် အိတ်ထဲထည့်ပေးကြသေးတယ်လေ။ ပြီးတော့ ကျွန်တော်က ကုန်သည်တွေဆီသွားပြန်ရော၊ ဆိုင်တွေထဲ ပြုံးပြုံးကြီး ၀င်သွား။ နောက်တော့ ဆိုင်ရှင် အင်္ကျီလက်ကို ဆွဲလိုက်တာနဲ့ သူတို့ အံဆွဲ ဖွင့်တော့တာ'
'ဘုရားသခင်အလိုတော်ရ မင်းဆီမှာ စည်းစိမ် ချမ်းသာ ကြွယ်ဝပါစေ' လို့ ဆုတောင်းပေးပြီး မုန့်ဖိုးတွေအများကြီးပေး ကြတယ်။အထည်အလိပ် တစ်လိပ်များ ကျွန်တော်ပွတ်ပြု မိသွားရင် ကျွန်တော့်အတွက် နှစ်မီတာလောက် ဖြတ်ပေးဖို့ ဆိုင်က အလုပ်သမားတွေကို ခိုင်းတော့တာပဲ။ အဲဒီ နှစ်မီတာ အစကိုခါးမှာပတ်ပြီး နောက်တစ်ဆိုင်ဝင်။နောက်တော့ ကျန်းမာရေးဌာန သွား။ တလောက ပဲ ကျွန်တော် နာလွန်းလို့ လမ်းလယ်မှာ လှဲနေတာပေါ့။ အမယ်လေးဗျာ ချက်ချင်းကိုပဲ ရုတ်ရုတ် သဲသဲ ဖြစ်သွားတာများ။
တစ်ချို့ လူတွေဆို ငိုရိုပြီး အပြေးအလွှားရောက်လာတာ။ 'ဒို့အရူးကြီးနေမကောင်းဘူးဟေ့.....'လို့လည်းအော်ကြသေး။ ပြောရင်ယုံမှာတောင်မဟုတ်ဘူး ဆရာဝန်ရော မြို့တော်ဝန်ရောရောက်လာကြတာ လူတွေဆိုဘေးမှာ ၀ိုင်းဝိုင်း လည်လို့။ 'ဆရာရယ် ရောဂါရှာလို့ မရသေးရင် ကယ်ပါ ဘုရားကယ်တော်မူပါ ' လို့ပြောနေသေးတာလည်း ကြားရသေးတယ်။
'ဆေးရုံမှာလည်း တစ်ပတ်လောက်ဘုရင် တစ်ပါးလိုပဲ။ မြို့တော်ဝန် က ၃ ခါလာကြည့်တယ်။ မြို့ သူ မြို့သား တွေဆိုတာကတော့ နေ့တိုင်း'
'ထားပါတော့ မိန်းမနဲ့ ကလေးရော ဘယ်လိုလဲ'
'တစ်လ နှစ်ရက် သုံးရက်လောက်တော့ ကျွန်တော် ဒီမြို့က ပျောက်သွားတာပေါ့ ဒီကလူတွေအတွက်ရိုးနေပါပြီ ဒီအရူးတော့ အရင်တစ်ခါလို အကြောတက်ပြန်ပြီ ထင်ပါရဲ့။ မြို့ ကလူတွေကို အလုပ်မများစေချင်တာနဲ့ တစ်နေရာရှောင် နေတာ နေမှာပါလို့တောင် သူတို့ ပြောကြသေးတာ။ တကယ်တော့ ပိုက်ဆံ တစ်ချို့ နဲ့ စုလို့ ဆောင်းလို့ ရတာတွေ ကိုတော့

စာတိုက်က ပို့တတ်ပါတယ်။ တခြားဟာတွေ ကိုတော့ မိန်းမနဲ့ ပြောထားတဲ့နေရာ ကို ပို့လိုက်တာပေါ့။ ကျွန်တော့မိသားစုလည်းအဆင်ကိုပြေလို့။ သားတစ်ယောက်က ကျောင်းပြီး ပြီ။သမီးက အထက်တန်း ပြီးပြီ။ အိမ်ရာတစ်ခုမှာ အခန်းဝယ်ထားပြီးပြီ။ မိန်းမက သူ့စိတ်တိုင်းကျ ပရိဘောဂ တွေဖြည့်ဆည်းပြင်ဆင် နေတုန်း'
'ကောင်းပဗျာ ဒါထက် ခင်ဗျားအရူးကြီး ဘ၀ကြီးကို ဘယ်တော့ စခမ်းသိမ်းမှာလဲ'
သူကပြုံးတယ်။
'ခင်ဗျားဟာက ကြောင်လှချည့်လား။ဒီက ကျွန်တော် ထွက်တာနဲ့ တစ်ယောက်ယောက်က ကျွန်တော့နေရာ ၀င်ယူတော့မှာ ပေါ့။ ဘယ်လိုလုပ် ဒီက ခွာလို့ရမလဲဗျာ။ ပြီးတော့ ရူးတာလဲ ကျင့်သားရသလို ဖြစ်နေပြီဗျ'
ဟစ်လမီ ခုန်ဆွခုန်ဆွ ပြေးရင်းက လှမ်းပြောသွားသေးတယ်။
'ဒါတွေ ဘယ်သူ့ မှသွားမပြောနဲ့နော် ။ခင်ဗျားပြောလည်း ဘယ်သူမှ ယုံမှာမဟုတ်ဘူး'

မှတ်ချက်။ ။ ၁၉၉၃ ဖေဖော်ဝါရီလထုတ် Short Story International အမှတ် ၉၆ မှ တူရကီစာရေးဆရာ Muzaffer Lzgu ရေးသားသော "Wanted a Town Without a Crazay " ကို ဘာသာပြန်သော ကိုစောလူအား ကျေးဇူးတင်လျက် (ကရင်)
Posted by ကရင်
အပိုင်းအစ(၁)
ချစ်သူရေ
မင်းနဲ့မတွေ့ခင်က
ဘ၀ဆိုတာ ငြီးငွေ့စရာကြီးပါကွယ်။
အချစ်နဲ့တွေ့မှပဲဘ၀ဆိုတာအဓိပါယ်ရှိလာတယ်။
အချစ်က
ပျော်ရွှင်မှုတွေကိုရော
မျှော်လင့်ချက်တွေကိုပါ
ယူဆောင်လာခဲ့တယ်လေ။
မီးတောက်ဟာ
လောင်စာမရှိပဲမတောက်နိုင်သလို
ဘ၀ဆိုတာလဲ
မျှော်လင့်ချက်မရှိပဲ မရှင်သန်နိုင်ဘူးလေ။
အချစ်ရေ
အသက်ရှင်သမျှ မျှော်လင့်ချက်တွေ
ဘယ်တော့မှ မပျောက်စေနဲ့နော်။
-----------------------------------------------
အပိုင်းအစ(၂)
ချစ်သူရေ............
မင်းဟာ တစ်ခါတစ်ခါ
အေးတိအေးစက်နိုင်လွန်းတယ်။
ဒီထဲက မောင့်ကို
အားမလို အားမရ
စကားတွေပြောသေးတယ်။
ဘာရယ်
မောင်က ချစ်သူပန်ဖို့
အနီရောင်ပန်းကလေး ပေးတာကိုများ
ဝေးတတ်တယ်ဆိုပြီး စိတ်ပူရတယ်လို့
အယူမသီးစမ်းပါနဲ့ ချစ်သူရယ်။
အနီရောင်ဆိုတာ ရဲရင့်ခြင်းပါ။
အနီရောင်နှလုံးသားနဲ့ ချစ်တဲ့အချစ်မို့
ဒို့နှစ်ယောက်အချစ်ဟာ
သိကြားမင်း ဖျက်တောင်
မပျက်နိုင်ဘူးဆိုတာ ယုံနော်။
--------------------------------------------
အပိုင်းအစ(၃)
ချစ်သူရေ..........
ချစ်ခြင်းတွေနဲ့အတူ
မျှော်လင့်ခြင်းတွေ
မွေးဖွားလာတတ်သလိုပါပဲ။
စိုးရိမ်စိတ်တွေကလည်း လွန်လွန်ကဲကဲ
သူစိမ်းဆန်ဆန် အကြည့်မျိုးတွေနဲ့
ချစ်ကိုယ့်ကို မကြည့်ပါနဲ့လား
မင်းကအဲ့သလို ကြည့်လိုက်တိုင်း
ကိုယ့်မှာ အပြစ်ရှိသလိုခံစားရပါတယ်။
မင်းရဲ့ အဲဒီအကြည့်တွေက
အိပ်ရာထဲ ထိပါလာပြီး
ကိုယ့်ကို နေမထိထိုင်မသာ ဖြစ်စေခဲ့တယ်။
ဘာကြောင့်
အဲဒီလို အကြည့်စိမ်းတွေနဲ့ ကြည့်ရတာလဲ
တွေးမိလေ၊ စိုးရိမ်စိတ်တွေ ပိုကဲလေ
ကိုယ့်အချစ်တွေကလည်း
ပိုပိုပြီး နက်ရှိုင်းလေပါပဲ။
 စိုးရိမ်စိတ်က ပေါက်ဖွားလာတဲ့အချစ်ဟာ
နုတ်လိုက်တိုင်း အသားထဲကိုဆူးဝင်လာတဲ့
ဆူးတစ်ချောင်းလိုပါပဲ။
မေ့ပျောက်ဖို့ ကြိုးစားလေ
ပိုပိုပြီး
သတိရ လွမ်းဆွတ် ခံစားရလေပေါ့နော်။
------------------------------------------------
အပိုင်းအစ(၄)
ချစ်သူရေ....
အချစ်ကိုဖမ်းရတာဟာ
ရေထဲကလကို ဖမ်းရသလိုပါပဲ။
အရိပ်ကိုတစ်ကယ် ထင်မိတတ်တယ်လေ။
တစ်ခါတစ်ခါ ကျတော့လည်း
အချစ်ဆိုတာ ငါးမျှားရသလိုပါပဲ။
ငါးမျှားကြိုးကို လျှော့လိုက်တင်းလိုက်နဲ့
ချစ်သူရဲ့မာယာ ပရိယာယ်မှာ
ကိုယ်က ကစားစရာရုပ်လေးပါ။
ချစ်သူက
သိုးမွှေးချည်လုံးကို ခုန်ခုန်ဖမ်းတတ်တဲ့
ကြောင်လေးနဲ့တူတယ်။
ချစ်တတ်တဲ့ ကိုယ်ကတော့
အကစားခံရတဲ့ သိုးမွှေးချည်လုံးလေးပေါ့။
ဒါပေမယ့်
ကိုယ်ဒါကိုပဲ ကျေနပ်နေမိတယ်။
လူဆိုတာ ခက်ခဲတာကိုမှ
တန်ဖိုး ထားတတ်ကြတယ်လေ။
ဒီတော့
လူထဲကလူဖြစ်တဲ့ ကိုယ်ဟာလည်း
ချစ်သူရဲ့မာယာဝဲဂယက်က
ရုန်းမထွက်သာဘူးပေါ့နော်။
Posted by ကရင်
          ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ရဲ့မွေးနေ့ပွဲလေးဆိုတော့ပျော်ပျော်ပါးပါး စားကြ သောက်ကြ စကားတွေပြောကြနဲ့ဆူညံနေတယ်ပေါ့ဗျာ။
အဲ့ဒီချိန်မှာ ချောချောလှလှကောင်မလေးတစ်ယောက် ၀င်လာတော့  ကောင်လေးတွေက စိတ်ဝင်တစ်စား
လှမ်းကြည့်လိုက်ကြတယ်။ ထိုင်စရာရှာနေတဲ့ ကောင်မလေးကို ကောင်လေးတစ်ယောက်က ထပြီး သူ့စားပွဲ
မှာထိုင်ဖို့ နေရာပေးတော့ကောင်မလေးက ရှက်ရှက်ရွံ့ရွံ့ နဲ့ ၀င်ထိုင်လေရဲ့။
           သည်တော့မှလဲကောင်မလေးလည်း ရှက်ကိုး ရှက်ကန်းနဲ့ မလုံမလဲဖြစ်သွားတာပေါ့ ။ အဲ့ဒီအချိန်မှာပဲ စာပွဲထိုးတစ်ယောက်က သူတို့နှစ်ယောက် ရှေ့မှာ ကော်ဖီခွကမလေးတွေလာချပေးတယ်။
 တစ်ယောက်မျက်နှာ တစ်ယောက်မကြည့်ပဲကော်ဖီခွက်ငုံ့ကြည့်နေချိန်မှာ ကောင်လေးကအနားမှာရှိတဲ့ စားပွဲထိုးလေးကို
"ဆားနည်းနည်းလောက်ပေးပါ" လို့လှမ်းတောင်းလိုက်တယ်လေ။
           ကောင်မလေးအဖို့အံ့အားသင့်ပြီး ကောင်လေးကို မော့ကြည့်မိလေရဲ့။ ပြီးတော့ ကော်ဖီခွက်ထဲဆားထည့်မွှေနေတဲ့ ကောင်လေးကို ကောင်မလေးရော အနားမှာရှိတဲ့  လူတွေပါ အထူးအဆန်းလို ကြည့်နေကြတာပေါ့ဗျာ။
          ကောင်လေးလည်း ကော်ဖီခွက်ကိုရှက်ရှက် နဲ့ပဲမော့သောက်လိုက်ပါတော့တယ်။ အဲ့ဒီအချိန်မှာပဲကောင်မလေးက စူးစမ်းရင်း စပ်စုလိုက်တယ်။
          "ကော်ဖီကို ဒီလိုပဲသောက်တတ်သလား ဟင်............" တိုးတိုးလေးမေးတာပါ။
          ကောင်လေး ခေါင်းငုံ့ရင်းက ခပ်ဆိုင်းဆိုင်းလေး ပြန်ပြောတယ်။
          "ကျွန်တော့်မွေးရပ်မြေက ပင်လယ်ကမ်းစပ် ဆိုတော့ ပင်လယ်ရေထဲမှာပဲ ဆော့ကစားကြီးပြင်းခဲ့တယ်လေ။မွေးရပ်မြေနဲ့ဝေးတဲ့အခါမျိုး ၊ အမေ အဖေ တို့ရယ် ရွာကို တမ်းတမိတဲ့ အခါမျိုးမှာ ပင်လယ်ရေနဲ့ အရသာတူတဲ့ ကော်ဖီ ငန် ငန် လေးကို အလွမ်းပြေ သောက်တာပါ။"
          ကောင်လေးပြန်ဖြေရင်း  ခေါင်းမော့ပြီး ကောင်မလေးကို စူးစူးရဲရဲပဲ ကြည့်လိုက်တယ်။ အလိုသူ့မျက်လုံးတွေမှာ မျက်ရည်တွေဖုံးလို့ပါလား။ ကောင်မလေးမျက်နှာမှာ ရင်ထဲက ဂရုဏာသနားစိတ်တွေ ထင်ဟပ်သွာပါတယ်။
          မြင်လျှင်မြင်ချင်း ချစ်မိသွားတဲ့ကောင်လေးနဲ့ တွေ့တွေ့ချင်း စာနာစိတ်တွေ ပေါက်ဖွားသွားတဲ့ ကောင်မလေးတို့ နှစ်ယောက် မေတာမျှသွားခဲ့ကြတာ မထူးဆန်းဘူးလို့ဆိုရမှာပါ။
          သူတို့နှစ်ဦး တတွဲတွဲ ဈေးဝယ် ၊ဘုရားသွား၊ ပန်းခြံထဲ လျှောက်လည်ကြလို့ မကြာခင်မှာပဲ ရာသက်ပန် အတူနေဖို့ လက်ထပ်မင်္ဂလာပြုခဲ့ကြပါတယ်။
            ချစ်သူတွေဘ၀မှရော အကြင်လင်မယားဘ၀မှာပါ ကောင်မလေးက ကောင်လေးကို ကော်ဖီသောက်တိုင်း ဆားထည့်ထည့် ဖျော်လေ့ရှိပါတယ်။ ကောင်လေးမသောက်ခင် ကော်ဖီကို မြည်းလိုက်တိုင်း ငန်လို့ ကောင်မလေးမျက်နှာဟာ ရှုံ့ရှုံ့ သွားရမြဲပါ။
             သြော်.......ဒါတွေကြာခဲ့ပါပြီ။
              ဟိုတုန်းက ကောင်မလေးဟာ အခုတော့ငါးဆယ်ကျော် ခြောက်ဆယ်နီးပါး အဘွားအရွယ် ရောက်ခဲ့ပါပြီ။ သူ့လက်ထဲမှာ စာလေးတစ်စောင်ကိုကိုင်ပြီး ဖတ်နေပါတယ် ။ မျက်လုံးအစုံမှလည်းမျက်ရည် စတွေနဲ့ပေါ့။
                "မောင်ဘ၀မကူးခင်မှာ အမှန်အတိုင်း ၀န်ခံခဲ့ပါရစေ.....အချစ်ကိုစတင် မြင်တွေ့စနေ့က မြင်လိုက်တာနဲ့ သူများထက်ဦးအောင် ဖိတ်ခေါ်ခဲ့တယ်။ သကြားနဲ့ ဆားမှားပြီး ရှက်ရှက် နဲ့တောင်းမိတယ်။
အလွန်အင်မတန် အရသာဆိုးတဲ့ ကော်ဖီငန်ငန် ကို မောင်လုံးဝကိုမကြိုက်ခဲ့ဘူး။ ဒါပေမယ့် အချစ်ကို စတွေ့တဲ့အချိန်က စပြီး ဒီကော်ဖီကို မောင် တစ်သက်လုံးသောက်ခဲ့ရတယ် ဒီအတွက် စိတ်မကောင်းမဖြစ်နောင်တမရမိပါဘူး အချစ်နဲ့ဆုံခဲ့အတူနေခဲ့ရတဲ့ အချိန်တွေဟာ မောင့်အတွက် အပျော်ဆုံးမို့ပါ။ နောက်ဘ၀တွေမှာ အချစ်နဲ့ပြန်ဆုံဖို့အတွက် ဒီကော်ဖီ ငန်ငန် သောက်ရမယ်ဆို ရင် မောင်သောက်ဦးမှာပါ "
                  အဘွားအိုရဲ့ မျက်လုံးအစုံကမျက်ရည်စတွေဟာ စာရွက်ပေါ် တွေတွေ ကျ သွားရှာပါတယ်။ မျက်ရည်ကို အသာအရာ သုတ်ရင်း စားပွဲထိုးလေးကို
                    "ဆားနည်းနည်းလောက်" လို့လှမ်းမှာလိုက်ပါတယ်။
စားပွဲထိုးလေးက ဆားပုလင်းလေးလာပေးပါတယ်။ ဆားပုလင်းထဲက ဆားလေးတွေကို ကော်ဖီခွက်ထဲထည့်
ဇွန်းနဲ့ရောမွှေလိုက်ပါတယ် ။နောက် ကော်ဖီခွက်လေး မပြီး နှုတ်ခမ်းတေ့ သောက်လိုက်ပါတယ်။ စားပွဲထိုးလေးကအံ့အားသင့်ဟန်ကြည့်ပြီး
"ဘယ်လိုနေလဲ အဘွား"  လို့မေးတော့ မျက်ရည်တွေဝဲနေတဲ့ မျက်လုံးနဲ့ ပြုံးပြီး လေးနက်စွာ ကောင်းကင်ကြီးကိုကြည့်ပြီး ပြန် ဖြေလိုက်တာ လေးကတော့.................................
                        ""သိပ်ချိုတာပါပဲကွယ်"" တဲ့။။။။။။။။


 မှတ်ချက်။  ။ကျွန်တော်ဖတ်ဖူးတဲ့စာလေးတစ်ပုဒ်ပါ (ကရင်)
Posted by ကရင်