Wednesday, October 8, 2008
at
5:49 AM
|

(၁၉၉၄)ခုနှစ် ...............
ကျွန်တော် ၄ တန်းကျောင်းသားဘ၀ပေါ့ မှတ်မှတ်ရရ အဲ့ဒီခုနှစ်တုန်းက မြန်မာနိုင်ငံမှာ ဟိန္ဒူ ဘာသာဝင်တွေရဲ့ဘုရားကျောင်းတွေမှာ ကိုးကွယ်တဲ့ မဟာပိန္နဲ ရုပ်တုကြီးတွေက နွားနို့သောက်တယ် ဆို တဲ့သတင်းကဟိုးလေးတကြော်ကြော်နဲ့ ပေါ့။ အဲ့ဒီမှာ ကျွန်တော်ဆိုတဲ့ ကောင်ကလဲ လက်တွေ့မှ ယုံတဲ့ ကရင်တစ်ယောက်(ကရင်ဆိုပေမယ့် အဖေရောအမေရောဗုဒွဘာသာဝင်တွေပါ) ဆိုတော့ ကာ ကလေးဆိုပေမယ့် သိချင်တဲ့စိတ်ကထိမ်းမရဘူးဗျို့ အဲ့ဒီမှာ တခြားဘာသာကိုစိတ်မ၀င်စားတတ်ပဲ သူ့ဟာသူငြိမ်းငြိမ်းချမ်းချမ်း နေတတ်တဲ့ မေမေ ကို သွားပြောတာပေါ့ .....
“မေမေ...သားအဲ့ဒီနွားနို့သောက်တဲ့အရုပ်ကြီးတွေသွားကြည့်ချင်တယ်...”
“သားရယ် ဘာလုပ်မလို့လဲကွယ် ...”
“ဟာမေမေကလည်း သားမြင်ဘူးချင်လို့ပါဆိုမှပဲ လိုက်ပို့နော်..”
ကျွန်တော်ပူစာသမျှဘယ်တုန်းကမှ မငြင်းဘူးတဲ့မေမေကတော့ ထုံးစံအတိုင်းပေါ့ဗျာ။
“အေးပါကွယ် မေ ညနေလိုက်ပို့မယ်နော် ....”
ဝမ်းသာအားရ ညနေကိုရောက်ဖို့စောင့်နေလိုက်တယ်။ညနေရောက်တော့ အဲ့နေ့မတိုင်ခင်ကမှကြီးကြီးမချုပ်ပေးထားတဲ့ နိုင်လွန်အနွေးထည်လေးကိုဝတ်ပြီး ဘောင်းဘီတိုလေးဝတ် မေမေ ရေချိုးပြီးပြင်ဆင် ပြီးတာနဲ့ မေမေ့စက်ဘီးလေးနောက်ကနေ လိုက်ပြီးအဲ့ဒီ ဟိန္ဒူဘုရားကျောင်းကို သွားကြပါတယ်။ (ပါးပါးနဲ့မမကြီး(ကြီးကြီးမဟု ကျွန်တော်ခေါ်သည်)ကတော့ လုံးဝစိတ်မ၀င်စား အားလည်းမပေးပါ ထို့ကြောင့်သူတို့နှစ်ယောက် မလိုက်ပါ) ။အဲ့ဘုရားကျောင်းကြီးရောက်တော့ မြန်မာတွေနဲ့ပြည့်နေပါတယ် နွားနို့ရောင်းတဲ့သူတွေရော စုံလို့ပါပဲ။ (၄င်းအရုပ်ကြီးများအားအထဲမှာနွားနိုတိုက်ချင်လျှင်တိုက်ခွင့်ရှိပါသည် ။) မေမေ က
“သားလေး နွားနို့ တိုက်ကြည့်လေ သားလေးက လက်တွေ့ မှယုံတတ်တာဆိုတော့ ” ဟုပြုံးပြီးပြောကာပိုက်ဆံထုတ်ပေးသောကြောင့် ကျွန်တော် နွားနို့ တစ်ခွက်နှင့် ဆိုင်မှငှားသော ဇွန်းအကြီးတစ်ချောင်းကိုယူကာ ဘုရားကျောင်းကြီးထဲသို့ မေမေနှင့် အတူဝင်လာပါသည်။ ၄င်းတို့အထဲတွင် ရုပ်တုများရှေ့တွင် မီးပူဇော်ခြင်း အမွှေးတိုင်များပန်းများဖြင့်ပြည့်ကြပ် နေသည် ကျွန်တော်လည်း စူးစမ်းလိုစိတ် ၁၀၀% နှင့် လူရှင်းသော ရုပ်တုကြီးတစ်ခုရှေ့မှာ ရပ် မမှီ တမှီနှင့်စတင် တိုက်ကြည့်ပါသည်။ အဲ့ဒီချိန်မှာပဲ ရုပ်တုက နွားနို့သောက်လားမသောက်လားတော့မသိ မီးပူဇော် ထားတဲ့ ဖယောင်းတိုင် များမှ တဆင့် ကျွန်တော် မောင်ကရင်ရဲ့ အကျီ င်္ မှာ မီးစွဲလောင်ပါတော့တယ်။ ဘာပြောကောင်းမလဲ နိုင်လွန်သားဆိုတော့ ကိုရွှေမီးက အားရပါးရလောင်တော့တာပဲ ကျွန်တော်လဲ ပူလောင်ပြီး အော်ဟစ်နေတာပေါ့ ပထမတော့ မေမေ လန့်သွားတဲ့ပုံစံဖြစ်သွားတာ ကို တွေ့လိုက်မိတယ် အဲဒါတော့ သိပ်မမှတ်မိတော့ဘူး ။ဒါပေမယ့် ကျွန်တော် အမှတ်မိဆုံးက မေမေ မျက်နှာမှာတည်ကြည်လေးနက်မှု အပြည့်နဲ့ တစ်ခုခုကို ဆုံးဖြတ်ချက်ချလိုက်တယ် ဆိုတာပဲ အတည်ငြိမ်ဆုံး အလေးနက်ဆုံး ဆိုတဲ့ မျက်နှာထားနဲ့ မေမေ လေ ကျွန်တော့်ဆီကိုအ ပြေးတပိုင်းနဲ့ ရောက်လာပြီး ဘာလုပ်တယ်ထင်လဲ သူ့ ရဲ့ နုဖွေးနေတဲ့လက်၊ကျွန်တော့ကိုပိုက်ထွေးခဲ့တဲ့ လက်၊တပည့်တွေကို စာတွေတတ်မြောက်အောင်သင်ပေးခဲ့တဲ့လက်နုနု လေးနဲ့ ကျွန်တော့ ကိုယ်ပေါ်က မီးတောက်မီးလျှံတွေ ကို လိုက် လံ ငြိမ်းသတ်ပါတော့တယ် ။ အဲဒီအချိန်မှာလာကြည့်ကြတဲ့ မြန်မာလူမျိုးတွေ ရော ကုလားလူမျိုးတွေပါ မိခင်တစ်ယောာက်ရဲ့ ခိုင်မာစွာဆုံးဖြတ်ခဲ့တဲ့ သားသမီးအတွက် မေတ္တာ ကို မြင်တွေ့ကြရပါတော့တယ်။ ကူညီသူတွေလည်းရောက် လာ တော့ မီးကငြိမ်းသွားပြီလေ။ ငယ်ရွယ်သေးတဲ့ ကျွန်တော့်ရဲ့ အတွေးထဲမှာတောင်မှ မေမေ ရဲ့ ဆုံးဖြတ်ချက်ချလိုက်တဲ့ တည်ကြည်ပြတ်သားတဲ့ မျက်နှာအမူအရာ ဟာအခုကျွန်တော်အရွယ်ရောက်တဲ့အထိ မမေ့နိုင်ခဲ့ပါဘူး ။
မိခင်ဆိုတာသားသမီးတွေအပေါ်ကှိုသူတို့အတွက်၊သူတို့အသက်သူတို့ခံစားမှုတွေကိုစွန့်လွှတ်ပြီးချစ်ကြတယ် ဆိုတာကို အားလုံးကို ကျွန်တော် သိစေချင်တဲ့အတွက် ကျွန်တော့ရဲ့ ဖြစ်ရပ်မှန် အဖြစ်အပျက်လေး ကို တင်ပြရေးသား ခြင်းဖြစ်ပါတယ်။
မေမေ ကျန်းမာပါစေ၊ချမ်းသာပါစေ၊နှလုံးစိတ်ဝမ်းအေးချမ်းသာယာပါစေလို့ဆုတောင်းလျှက် အဝေးရောက်သား
(ကရင်)

Posted by
ကရင်
4 comments:
မိခင်မေတ္တာကို အခုလို သိတတ်တာ တကယ့် မင်္ဂလာတစ်ပါးပါ ။ ဒါနဲ့ အဲ့ဒီ နွားနို့သောက်တာ မဟုတ်နိုင်ပါဘူး ။ :)
မှတ်ချက်။ ။ နွားနို့ တကယ်သောက်မသောက် ဆိုတာကို ဘာသာရေးနှင့်သက်ဆိုင်ပါသဖြင့် ကျွန်တော် မပြောလိုပါ။
(ကရင်)
ဘာသာရေးနှင့်ဆိုလို့ မပြောချင်ပေမယ့် နွားနို့သောက်တာကို တော့ သိချင်တယ်။ မိဘမေတ္တာ ကြီးမားတယ်ဗျ။
ဒီလိုဗျ..အဲတုန်းက တိုက်တယ်ဆိုတာက အရုပ်ကြီးတွေရဲ့နှာမောင်းဝကိုနွားနို့ဇွန်းလေးတွေ
တေ့ပေးရတယ်ဗျာ။ အဲ့ဒီချိန်မှာသူ့အလိုလို နွားနို့က ကုန်သွားတယ်။ ကျွန်တော် အားမနာ
တမ်း ပြောရရင် ရုပ်တုတွေက အင်္ဂတေ တွေလေဗျာ အရည်စုတ်ယူနိုင်တဲ့ ဂုဏ်သတ္တိ အ
လိုလို ရှိတယ်လေ။ ဒီတော့ ကျွန်တော့အနေနဲ့ ဆို အဲလိုမျိုးပဲလက်ခံထားပါတယ်။
Post a Comment